ဥပမာ ဥပမေယျတွေနဲ့ သက်သေသာဓကတွေနဲ့ တစ်နေကုန်ထိုင်ပြောရင် ပြောလို့ မပြီးနိုင်တဲ့ ပစ္စည်းတရားကတော့ ဥပနိဿယပစ္စယောပါပဲ။ သူလည်း သုံးမျိုးကွဲတယ်။
၁။ အာရမ္မဏူပနိဿယ
၂။ အနန္တရူပနိဿယ
၃။ ပကတူပနိဿယ ဆိုပြီးတော့ပေါ့။
ပစ္စယနိဒ္ဒေသလေး ရကြလားမသိဘူး။ ဒီလိုလေ။ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ၊ ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ၊ ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော” စသဖြင့်လေး။ မြန်မာလို ရှင်းရှင်းလေး ပြောရရင် “ကုသိုလ်တည်းဟူသော အကြောင်းကြောင့် ကုသိုလ်ဖြစ်ကြရတယ်၊ ကုသိုလ်တည်းဟူသော အကြောင်းကြောင့် အကုသိုလ်ဖြစ်ကြရတယ်၊ ကုသိုလ်တည်းဟူသော အကြောင်းကြောင့် အဗျာကတ ဖြစ်ကြရပါတယ်” တဲ့။ အဲဒီလိုပါပဲ။ “အကုသိုလ်တည်းဟူသော အကြောင်းကြောင့် ကုသိုလ်ဖြစ်ကြရတယ်။ အကုသိုလ်တည်းဟူသော အကြောင်းကြောင့် ကုသိုလ်ဖြစ်ကြရတယ်၊ အကုသိုလ်တည်းဟူသော အကြောင်းကြောင့် အဗျာကတဖြစ်ကြရပါတယ်” တဲ့။ လူတစ်ဦးတစ်ယောက် ကုသိုလ်ကောင်းမှု တစ်ခုလုပ်လိုက်တယ်။ လှူတာ ဒါန်းတာ၊ ကူညီတာ၊ ပေးကမ်းတာ၊ သီလကို စောင့်ထိန်းလိုက်တာ စသဖြင့် ကောင်းမှု တစ်ခုခုပေါ့။ လုပ်လိုက်တယ်။ လုပ်ပြီးတဲ့နောက် ဒီလိုကောင်းမှုမျိုးကို ငါလုပ်ခဲ့တယ်လို့ ပြန်အာရုံပြုနိုင်ခဲ့မယ်ဆိုရင် ကုသိုလ်ကြောင့် ကုသိုလ်ရတယ်။ ဒါကို ဘုရားရှင်က အပရစေတနာဆိုပြီးတော့လည်း ဟောခဲ့ပါသေးတယ်။ နောက် တစ်ဦးတစ်ယောက်က အဲဒီလို ကုသိုလ်ကောင်းမှုတွေ ပြုတယ်ပေါ့။ ဒါပေမယ့် ပြုပြီးလည်း ပြုပြီးရော နောက်ပိုင်း “ငါပြုမိလေခြင်း” ဆိုတဲ့
နောင်တမျိုးရတယ်။ ကူညီခဲ့ပေမယ့် ငါမကူညီခဲ့ရင် ကောင်းမှာလို့ ပြန်တေွး မိတယ်။ အဲဒါဆိုရင် ရှေးကုသိုလ်ကြောင့် နောက်က အကုသိုလ်ဖြစ်ရတယ်။ ကုသိုလ်ကြောင့် အဗျာကတဖြစ်တယ်ဆိုတာက နတ်ရယ် ဗြဟ္မာရယ် ရဟန္တာအရိယာပုဂ္ဂိုလ်တို့နှင့်ပဲ ဆိုင်ပါတယ်။ အဗျာကတဆိုတာ ဘာအကျိုးမှ မပေးတာကို ပြောတာ။ တစ်ဦးတစ်ယောက်ဟာ သတ်မှု ခိုးမှုစတဲ့ အကုသိုလ်ကို ပြုလုပ်တယ်။ အကုသိုလ်လုပ်ပြီးနောက် အကုသိုလ်ဟာ မကောင်းဘူး။ အဲဒီ အကုသိုလ်ကို ပျောက်သွားအောင် ငါကုသိုလ်လုပ်မှတော်မယ် လို့ ပြန်အာရုံပြုမိတယ်။ ဒါ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်တာ။ သာဓကတွေကို ပြောရရင် အများကြီး။ အကုသိုလ်တစ်ခုခုကို အကြောင်းပြုပြီး ကုသိုလ်လုပ်ဖြစ်သွားရင် ဒီအာရမ္မဏူပနိဿယောဖြစ်တာပဲ။ ထင္ရွားတာကေတာ့ အဂုၤလိမာလေပါ့။ အဲလုိပါပဲ။ အကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာလည်း ရှိတာပါပဲ။ ပြောရရင် ဆက်မိုက်တာပေါ့လေ။ အကုသိုလ်ကို အကြောင်းပြုပြီး အဗျာကတဖြစ်တာကတော့ နည်းနည်း ရှင်းပြရ ခက်တယ်။ ရဟန္တာတို့ဆိုတာက အကုသိုလ်မလုပ်တော့ဘူးလေ။ နတ်ကျတော့ လုပ်တယ်။ အဗျာကတ ဖြစ်မသွားဘူး။ နတ်တစ်ပါး ဒေါသထွက်ကြည့်။ သေတာဗျ။ ဒီတော့ ဒါက ရဟန္တာနဲ့ အချို့ဗြဟ္မာတွေပဲ ဖြစ်တယ်။ ကုသိုလ်ဆိုတဲ့ မှီရာ၊ အကုသိုလ်ဆိုတဲ့ မှီရာကို ပြန်ပြီး တွေးတွေးနေမိရင်းက ကုသိုလ်တွေ အကုသိုလ်တွေ ပြန်ဖြစ်တာကို အာရမ္မဏူပနိဿယောလို့ ခေါ်ပါတယ်။ အနန္တရူပနိဿယက အဘိဓမ္မာပိုင်းဖြစ်သွားပြီ။ နောက် ကျွန်တော်တို့ ဥတုကြောင့်၊ အာဟာရကြောင့်၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ စတဲ့ပုဂ္ဂိုလ်ကြောင့် နေရာစတာတွေကြောင့် ကျွန်တော်တို့ ကုသိုလ်တွေ အကုသိုလ်တွေ ဖြစ်ကြရသေးတယ် မဟုတ်လား။ မိုးရွာတာနဲ့ စိတ်ကြည်လင်ရတာရှိသလို ဒေါသထွက်ရတာလည်း ရှိတယ် ဒီလို မှီရာတွေကြောင့် ကုသိုလ်တွေ အကုသိုလ်တွေ ဖြစ်ကြရတယ်လေ။ ကိုယ်နဲ့ ဘာမှ မဆိုင်ဘူးထင်ရပေမယ့် အဲဒါတွေကြောင့်လည်း ကုသိုလ် အကုသိုလ်ဖြစ်ရတယ်။ ဒါတွေကတော့ ပကတူပနိဿယောပါပဲ။