တစ်ခုခုကို လိုချင်မှု တစ်ခုဖြစ်ပေါ်လာတယ်။ ဆန္ဒတစ်ခု ဖြစ်ပေါ်လာတယ်ပေါ့။ ဟုတ်ပြီ။ လိုချင်တဲ့ဆန္ဒက ဘယ်အတိုင်းအတာထိလဲ ဆိုတာ ဖြစ်လာပြီ။ မရလို့ မဖြစ်ဘူးဆိုရင်တော့ ဒီဆန္ဒက အဓိပတိတပ်တဲ့ ပြင်းပြတဲ့ဆန္ဒ(အဓိပတိပါတဲ့ ဆန္ဒ)လို့ ဆိုရမယ်။ ဥပမာပြရရင် ကျွန်တော်တို့ ဘုရားလောင်း ဒီပင်္ကရာဘုရားရှင် ခြေတော်ရင်းမှာ “ငါလည်း ဒီဘုရားရှင်လို သတ္တ၀ါတွေကို ဒုက္ခက ကယ်တင်မယ်” ဆိုတဲ့ ဆန္ဒဖြစ်ပေါ်လာတယ်။ အဲဒီအချိန်မှာ တစ်စုံတစ်ယောက်က “သင် ဟောဒီစင်္ကြာဝဠာ လောက်ကျယ်ပြန်တဲ့ မီးကျင်းတွင်းထဲ ဆင်းလျှောက်မှ သင်ဘုရားဖြစ်မှာ၊ ဒီတိုင်းဆို မဖြစ်ဘူး” လို့ ပြောကြည့်။ ကျွန်တော်တို့ ဘုရားလောင်းက လျှောက်မှာ။ ဘုရားဖြစ်ချင်တဲ့ ဆန္ဒက အလွန်ပြင်းပြနေတယ်။ ဆန္ဒကို အဓိပတိတပ်နေတာ။ ဟုတ်ပြီ။ ဆန္ဒမှာ အဓိပတိတပ်တယ်။ ဆန္ဒတစ်ခုတည်းပဲလား။ စိတ် (၈၉) ပါး၊ စေတသိက် (၅၂) ပါး၊ ရုပ် (၂၈) ပါးထဲက ဒီဆန္ဒတစ်ခုပဲ အဓိပတိ တပ်သလား။ ကျွန်တော်တို့ ဘုရားရှင်က သိပ်ကြည်ညိုစရာကောင်းတယ်။ အဓိပတိတပ်တဲ့ တရားတွေကို ထုတ်ပြသွားခဲ့တယ်။ ဆန္ဒဆိုတဲ့ စေတသိက်မှာ အဓိပတိတပ်ရင် ဆန္ဒနှင့် တွဲဘက်ဖြစ်တဲ့ စိတ်မှာလည်း အဓိပတိတပ်တာပေါ့တဲ့။ (စိတ်နှင့် စေတသိက်အကြောင်းကို ရေးပေးမယ်လို့ ကတိပေးထားပေမယ့် ဖတ်တဲ့သူတိုင်း နားလည်အောင် စီနေတာ အဆင်မပြေသေးလို့ မတင်ဖြစ်သေးဘူး။ လောလောဆယ်တော့ စိတ်နဲ့ စေတသိက်ဟာ တချိန်တည်း တပြိုင်တည်းဖြစ်တယ်လို့ မှတ်ထားပေးပါ။ ပြီးတော့ ဆန္ဒစေတသိက်မှာ စိတ်နဲ့ တွဲဖြစ်ရာမှာ ရုပ်လည်း ဖြစ်သေးကြောင်း ထပ်ပြီး မှတ်ထားပေးပါဦး) ဆန္ဒတအားပြင်းပြလာ (အဓိပတိပါဝင်လာ) တဲ့အခါ စိတ်ဟာလည်း ပြင်းပြလာတယ်။ ရမှဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချတယ်။ ဆန္ဒနဲ့ စိတ်ပြင်းပြလာတော့ ၀ီရိယပါလာတယ်။ ကြိုးစားအားထုတ်မှု ပြင်းထန်လာတယ်။ ဆန္ဒ၊ စိတ်၊ ၀ီရိယသုံးပါးနှင့်အတူ ပညာလည်း ပါလာတယ်။ ပညာနဲ့ စူးစိုက်ဝေဖန်တယ်။ သင့်တော်၏ မသင့်တော်၏ မှန်၏ မမှန်၏ ပိုင်းခြားသတ်မှတ်တယ်။ ပညာက နက်နဲတဲ့ ပညာဖြစ်ပါတယ်။ ဇနကအလောင်းတော်ဘ၀မှာ သီဝလိဒေ၀ီဘယ်လိုတားတား၊ ဘုရားဖြစ်မယ့်ဘ၀မှာ ယသော်ဓရာနှင့် သားတော် ဘယ်လိုတားတား တောထွက်တော်မူခဲ့တာ ကျွန်တော်တို့ ဘုရားရှင်ရဲ့ ဘုရားဖြစ်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒါ ကုသိုလ်အရာမှာ ဖြစ်တဲ့ အဓိပတိဖြစ်ပါတယ်။ အကုသိုလ်အရာမှာ အဓိပတိတပ်နိုင်သလား။ တပ်နိုင်ပါတယ်။ လူတစ်ယောက်ကို စိတ်တိုတယ်။ တိုတဲ့စိတ်က ပြင်းထန်လာတော့ မျက်နှာတွေ နီလာတယ်။ အသားတွေ တုန်လာတယ်။ အဓိပတိတပ်လာပြီပေါ့။ ငါ သတ်မှဖြစ်မယ်လို့ စိတ်တွေ ဖြစ်လာတယ်။ ဘာနဲ့ သတ်ရမလဲ။ လက်နက် စသည့်အတွက် ကြိုးစားအားထုတ်လာတယ်။ ဘယ်အချိန် ဘယ်မှာ ဘယ်လိုသတ်ရမလဲ စဉ်းစားချင့်ချိန်တယ်။ ဒါ အကုသိုလ်အမှုမှာ အဓိပတိတပ်လာတာ ဖြစ်ပါတယ်။ ခိုးလိုခြင်း၊ ကျူးလွန်လိုခြင်းစသည်မှာလည်း အဓိပတိ တပ်နိုင်ပါတယ်။ ဒီတော့ အဓိပတိပစ္စယော ဆိုတာ ပြင်းပြတဲ့ ဆန္ဒ၊ စိတ်၊ ၀ီရိယနှင့် ပညာ ဒီလေးပါးပါ။ ကုသိုလ်ရေးမှာရော အကုသိုလ်ရေးမှာ ဖြစ်နိုင်ပါတယ်။ နည်းနည်းလေး ကျန်နေသေးတယ်။ ဘာသာရေး လိုက်စားသူများ ကြားဖူးကြပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ ဘုရားရှင်ဟာ တရားဟောပြီးချိန် နတ်လူတို့က သာဓုခေါ်ရင် သာဓုခေါ်ချိန်လေးအတွင်း နိဗ္ဗာန်ကို အာရုံပြုတယ်ဆိုတာလေ။ အဲဒီအာရုံက သာမန်အာရုံမဟုတ်ပါဘူး။ အာရမ္မဏာဓိပတိပါ။ ကြီးကျယ်ခမ်းနားတဲ့ အာရုံပါ။ ကြီးကျယ်ခမ်းနားတဲ့ အာရုံနဲ့ ဘုရားရှင်က ဘာလို့ နိဗ္ဗာန်ကို အာရုံပြုသလဲဆိုတော့ နိဗ္ဗာန်ဟာ အလွန့်ကို အေးချမ်းလွန်းလို့ပါပဲ။ ကျွန်တော်တို့ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်နဲ့များ ဘုရားရှိခိုးမိရင် ဆွမ်းရေချမ်းပန်းဆီမီး ကပ်လှူမိရင် အဲဒီအချိန်လေးမှာ ဖြစ်ပေါ်တဲ့စိတ်ကလေးဟာ အလွန်ငြိမ်းချမ်းတယ်မဟုတ်လား။ ပီတိ
ကလေး ဖြစ်တယ်မဟုတ်လား။ အဲဒီပီတိကလေးတောင် ငြိမ်းချမ်းရင် နိဗ္ဗာန်ဟာ ဘယ်လောက် ငြိမ်းချမ်းလိုက်မလဲ။ အဲဒါကြောင့် ကျွန်တော်တို့ ဘုရားရှင်က ဏခေတ္တအတွင်းတိုင်းမှာ နိဗ္ဗာန်ကို အဓိပတိတပ်တဲ့ အာရုံနဲ့ အာရုံပြုတော်မူတာပေါ့။ ဒါကိုတော့ အာရမ္မဏာဓိပတိလို့ ခေါ်ပါတယ်။ အပေါ်က အဓိပတိလေးပါးကိုတော့ သဟဇာတာဓိပတိလို့ ခေါ်ပါတယ်။ အတူတကွ တွဲဖြစ်လို့ပါ။ ဒီတော့ အဓိပတိနှစ်ပါးရှိတယ်။ အာရမ္မဏနှင့် သဟဇာတ။ အာရုံနှင့် စူးနစ်အာရုံပြုတာက အာရမ္မဏာဓိပတိ။ တစ်ခုဖြစ်လို့ တွဲစပ်ဖြစ်လာတာက သဟဇာတာဓိပတိ။ တရားအားထုတ်ရာမှာ အာရုံကို စူးနစ်အာရုံပြုနိုင်ရင် ပိုကောင်းပါတယ်။ လောကကြီးပွားရေး တိုးတက်ရေးမှာ သဟဇာတာဓိပတိနဲ့ လုပ်ရင် ပိုကောင်းပါတယ်။
Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/lv/register-person?ref=B4EPR6J0