သီလတွေ ဆောက်တည်ကြတယ်။ ဒါပေမယ့် ဆောက်တည်ထားတဲ့ သီလတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကြတယ်။ အဲဒီ ပျက်ရတဲ့ အကြောင်း အမျိုးမျိုးထဲက အခု ကျွန်တော် ပြောမယ့် အကြောင်း အရာက ပိုများတယ်။
၁။ ပိုရချင်တယ်။ ဟုတ်တယ်။ ကျွန်တော်တို့ လိုအပ်တာထက် ပိုရချင်တယ်။ ပိုက်ဆံ၊ ဂုဏ်၊ ကျော်စောမှု၊ ကြွယ်ဝမှုတွေ ကျွန်တော်တို့ ပိုရချင်တယ်။ အဲဒီ ပိုရချင်တဲ့ အကြောင်းတွေကြောင့် ကျွန်တော်တို့ ကိုယ်ထိန်းထားတဲ့ သီလကို မငဲ့ဘဲ သီလကို ချိုးဖောက်ပစ်လိုက်ကြတယ်။
၂။ အခြွေအရံတွေကြောင့် သီလပျက်တယ်။ ကိုယ့်အသိုင်းအဝိုင်းကြားမှာ နေရာရချင်တယ်။ ဒါမှ မဟုတ် မကောင်းတဲ့ အသိုင်းအဝိုင်းကြားမှာ နေထိုင်မိတယ်။ အသိုင်းအဝိုင်းက ပေးတဲ့ အသိတွေက ကိုယ်ပျက်စီးရာ ပျက်စီးကြောင်းဖြစ်နေလည်း ပျက်စီးရာ ပျက်စီးကြောင်းမှန်း မသိအောင် မာယာတွေ ပရိယာယ်တွေနဲ့ ဖုံးကွယ်ထားတယ်။ အသိခေါင်းပါးစေတယ်။ ဒါနဲ့ သီလပျက်ကြရပါတယ်။
၃။ ဆွေမျိုးကြောင့် သီလပျက်တယ်။ အမျိုးမျိုးရှိပါတယ်။ ဆွေမျိုးတွေက ကြီးပွားချမ်းသာနေတော့ ကိုယ်လည်း လိုက်ပြီး ကြီးပွားချင်တာမျိုး၊ ဆွေမျိုးတွေက မကောင်းတာမျိုးကြောင့်ပေါ့။ မိဘက တံငါသည်ဆိုတော့ ကိုယ်လည်း တံငါသည်လိုက်လုပ်ရတယ်လေ။ မိဘကလည်း ဒါဟာ သီလပျက်ကြောင်းပါလို့ မသွန်သင်နိုင်ဘူး။ သွန်သင်ဖို့ အခွင့်အလမ်းတွေ မရှိဘူး။ ဒါကြောင့် သီလပျက်ရတယ်။
၎။ ကိုယ်အင်္ဂါ အစိတ်အပိုင်းကြောင့် သီလပျက်တယ်။
၅။ ကိုယ့်အသက်ဘေးကြောင့်လည်း သီလပျက်တယ်။
၆။ ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ပြီးတော့လည်း သီလပျက်တယ်။ ကိုယ်နှုတ်နဲ့ ကျူးလွန် ပြစ်မှားခြင်းမရှိရင်လည်း သီလပျက်ပါတယ်။ မျက်လုံးချင်း စိုက်ကြည့်တယ်။ အသံလေးကို ကြည်နူးတယ်။ သတိရတယ်။ လွမ်းတယ်။ ဆွေးတယ်။ ဖြစ်ခဲ့တာ ချစ်ခဲ့တာကို တွေးရင်းကြည်နူးတယ်။ ဒါတွေက မေ့လျော့ကြောင်းတရားတွေ ဖြစ်လို့ သီလပျက်ပါတယ်။
၇။ သီလဆောက်တည်တယ်။ ဒီထက် ပြည့်စုံတဲ့ ဘဝ (ကာမဂုဏ်နဲ့ပတ်သက်လို့) ကို တောင့်တတယ်။ ဒါကြောင့်လည်း သီလပျက်ပါတယ်။ ကျိုးပါတယ်။ ပေါက်ပါတယ်။ ကျားပါတယ်။ ပြောက်ပါတယ်။
နောက်သီလပျက်ရတဲ့ အကြောင်းကို ဆက်ပြောပြရရင်
၁။ အမျက်ထွက်တာကြောင့်
၂။ ရန်ငြိုးဖွဲ့တာကြောင့်
၃။ ကျေးဇူးကန်းတတ်တာကြောင့်
၎။ အပြိုင်အဆိုင် စိတ်တွေကြောင့်
၅။ သူတပါးကြီးပွားတာကို မနာလိုတာကြောင့်
၆။ ကိုယ့်ဆီမှာ ရှိတာကို ဖုံးကွယ်တာကြောင့်
သီလတွေ ပျက်ကြရပါတယ်။ ဒီကိစ္စတွေမှာ ဆင်ခြင်နိုင်ကြပါစေ။
နောက်ဘာကြောင့် စောင့်ထိန်းထားတဲ့ သီလတွေ ပျက်သေးလဲဆိုတော့
၁။ ကိုယ့်ဆီမှာ ရှိတဲ့ အပြစ်ကို ချန်ပြီး သူများအပြစ်ကို ပုံကြီးချဲ့ပြောတတ်တာကြောာင့်
၂။ ကိုယ့်ဆီမှာ မရှိတဲ့ ဂုဏ်တွေဖော်ပြီး ငါဘာကောင်ပါလို့ လူပုံအလယ်မှာ ကြွားတတ်တာကြောင့်
၃။ ကိုယ့်အတိုင်းအတာထက် ပိုပြီး ပြုမူပြောဆို ရမ်းကားတတ်တာကြောင့်
၎။ ခက်ထန်ကြမ်းကြုတ်တာကြောင့်
၅။ ကိုယ့်ရှိတဲ့ ဂုဏ်၊ အသိုင်းအဝိုင်းကို တည်ပြီး စော်ကားမော်ကား ပြောဆိုတတ်တာကြောင့်
၆။ လိုအပ်တာထက် ပိုပြီး ထောင်လွှားတတ်တာကြောင့်
၇။ ဆေးတွေကို မှီဝဲသုံးစွဲတတ်ပြီး မူးဝေနေတာကြောင့်
၈။ စိတ်ကို လွတ်ထားပြီး မေ့လျော့ ဖော့ဖျင်းပျင်းတာကြောင့်
သီလတွေ ပျက်ကြရပါတယ်။ ဒါကလည်း သတိထားစရာလေးတွေပါ။ အပေါ်ဆုံး ၁ နှင့် ၂ က မာယာနဲ့ သာဌေယျပါ။
နောက် ရှိပါသေးတယ်။ သီလပျက်ရတဲ့ အကြောင်းတွေ
၁။ အလိုကြီးတာကြောင့်
၂။ မရောင့်ရဲတတ်တာကြောင့်
၃။ ကိလေသာနွံနစ်နေခြင်းမှာ ပျော်မွေ့နေတာကြောင့်
ဒါတွေကြောင့်လည်း သီလပျက်ပါတယ်။
သီလပျက်တဲ့ ပင်မအကြောင်းတွေကို သိပြီဆိုရင် သီလလုံအောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလောက်ပါပြီ။ အောက်က သုံးပါးစုကို ကြည့်ကြစို့။
၁။ အလိုနည်းမယ်။
၂။ သန္တုဋ္ဌိတ တရားထားမယ်
၃။ ကိလေသာမြူနစ်ကို ပါးအောင်ခြစ်မယ်။ ဒါဆိုရင် သီလလုံဖို့ အကြောင်းတွေ ဖြစ်လာပါတယ်။ အပေါ်က ပြောခဲ့တာတွေရဲ့ ဆန့်ကျင်ဘက်အကြောင်းတွေဟာ သီလလုံကြောင်းတွေပါပဲ။ ကဲ ဒီအပိုင်းမှာတော့ ဒီလောက်ပဲ။ သီလလုံအောင် မထိန်းနိုင်ခြင်း ကာမတဏှာ့ကျွန်အဖြစ်မှ အားလုံးနဲ့အတူ ကျွန်တော် လွတ်မြှောက်နိုင်ကြပါစေဗျာ။