သီလပျက်ရင် ဘယ်လို၊ သီလမှာ ဘာဂုဏ်ရှိဆိုတာကို သိပြီးနောက် သီလရဲ့ တရားကိုယ်ကို ပြောပြပါ့မယ်။ “သီလရဲ့ တရားကိုယ်” ဆိုတာ သီလထဲ ပါဝင်တဲ့ အကြောင်းအရာကို ဆိုလိုပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ အရာဝတ္ထုတိုင်းမှာ တစ်ခုခု ပါဝင်သလို သီလထဲမှာလည်း တစ်ခုခု ပါဝင်ပါတယ်။ ဥပမာ ကွန်ပျူတာလို့ ပြောလိုက်တဲ့အထဲမှာ မော်နီတာ၊ စစ်စတမ်ပုံးကြီး၊ ကီးဘုတ်၊ မောက်စ် ပါဝင်သလို သီလထဲမှာလည်း ပါဝင်တာတွေ ရှိပါတယ်။ သီလထဲမှာ စေတနာစေတသိက် အဓိက ပါဝင်ပါတယ်။ စေတနာက ဘယ်လိုစေတနာလည်း ဆိုတော့ သံဝရစေတနာနှင့် အဝိတိက္ကမစေတနာပါ။ သံဝရအကြောင်းကို ရေးပြပြီးပြီနော်။ အဝိတိက္ကမစေတနာဆိုတာက မကျူးလွန်တဲ့ စေတနာပါ။
နောက်စေတနာကတော့ သတ္တကမ္မပထစေတနာဖြစ်ပါတယ်။ အဓိပ္ပါယ်က ကုသိုလ်ဖြစ်အောင် ပြုမူနေထိုင်တတ်တဲ့ ကာယကံသုံးပါးနှင့် ဝစိကံလေးပါးတို့တွင် ဖြစ်သော စေတနာဖြစ်ပါတယ်။ တရားကိုယ်တွေက ဒါ့အပြင် အနဘိဇ္ဈာဒိ စေတသိက်လည်း ပါဝင်ပါတယ်။ အဓိပ္ပါယ်က အလိုဆိုးမရှိတာ။ နောက်တစ်ခုက သမ္ပတ္ထ ဝိရတိ သံဝရဖြစ်ပါတယ်။ အဓိပ္ပါယ်က နည်းနည်းနက်ပါတယ်။ အကုသိုလ်အမှုတစ်ခု ကျူးလွန်ဖို့ အခွင့်အရေး အပြည့်အဝ ရရှိထားသူတို့ ဒီအမှုဟာ အကုသိုလ်ပါလားလို့ ဆင်ခြင်ပြီး ရှောင်ကြဉ်တဲ့ စေတနာပါ။ ဒီအနေအထားကို တော်တော်များများ မစောင့်ထိန်းနိုင်ကြပါဘူး။ သာဓကတွေ ထုတ်ပြလို့မှ မကုန်နိုင်တဲ့ ဒီစောင့်ထိန်းမှုမဲ့ နေရာက စုံလို့ စိလို့ကို နေပါတယ်။ ဒါက သီလထဲမှာ ပါဝင်တဲ့ တရားကိုယ်တွေပါ။ ဒီလောက်ပါပဲ။ ဒီစေတနာထားတာနဲ့ သီလစောင့်ထိန်းတယ်လို့ ခေါ်တော့တာပါပဲ။
သီလစောင့်ထိန်းရင် သီလလုံရင် ဘာအကျိုးတွေ ရမလဲ။ ညစ်ကြေးမတင်တဲ့ သီလရှိရင်တော့ ပထမဦးစွာ တဏှာ့ကျွန် အဖြစ်မှ လွတ်မြောက်သူပါပဲ။ ပညာရှိတို့ ချီးကျူး ပေါင်းသင်းအပ်သူပါပဲ။ အရာရာကို တဏှာ ဒိဋ္ဌိတွေနဲ့ မသုံးသပ် မဆုံးဖြတ်တော့မယ့် သူပါပဲ။ သမာဓိခိုင်သူ၊ နိဗ္ဗာန်လမ်းကို ဖောက်ပြီးသူပါပဲ။ ဒါတင်ပဲလားဆိုတော့ မကပါဘူး။ သီလပျက်ခြင်းရဲ့ အကျိုးဆက်ကို ပြောပြလို့ မဆုံးနိုင်သလို သီလလုံခြုံသူအတွက်လည်း အကျိုးဆက်ကို ပြောပြလို့ မဆုံးနိုင်အောင် ရှိတဲ့အတွက် အရိပ်အမြွက်လောက်ပဲ ပြောပြပါမယ်။
နာမည်ကျော် သီလလုံခြင်းရဲ့ အကျိုးဆက်တွေကတော့
၁။ စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်း ပေါများခြင်း
၂။ ကောင်းသတင်း ကျော်စောခြင်း
၃။ မကြောက်မရွံ့ ပရိသတ်အလယ် ရဲရင့်ခြင်း
၎။ ရဲဝံ့စွာ သေရခြင်း
၅။ သေသည့်အခါ နတ်ရွာသို့ လားရခြင်းတို့ ဖြစ်ပါတယ်။ ဓမ္မကထိကတွေ အဓိကထားဟောတဲ့ သီလလုံခြင်းငါးမျိုးမို့ နာမည်ကျော် သီလလုံခြင်းလို့ သုံးနှုန်းလိုက်ပါတယ်။
နောက် သီလလုံခြင်းရဲ့ အကျိုးဆက်တွေကတော့ ကိလေသာမြူအညစ်အကြေးကို ကမ္ဘာပေါ်ရှိ မြစ်ရေ၊ ပင်လယ်ရေနဲ့ ကြိုက်သလောက် ကြိုက်သလို ဆေးပါ၊ မပြောင်စင်နိုင်ပါဘူး။ ဒါပေမယ့် သီလရဲ့ စင်ကြယ်မှုတစ်ခုနဲ့ အပြီးသတ် သုတ်သင်ရှင်းလင်းနိုင်ပါတယ်။ ကိလေသာ အပူအအိုက်ကို ကြိုက်တဲ့ မိုးရေအတိုင်းအတာ ကြိုက်တဲ့ air-con အခန်းထဲမှာနေပြီး အေးအောင် ငြိမ်းချမ်းအောင် လုပ်လို့ မရပါဘူး။ သီလနဲ့သာ အေးမြစေနိုင်ပါတယ်။ ပန်းအနံ့ဆိုတာ လေသင့်ရာ အရပ်ကိုပဲ ပျံ့နှံ့နိုင်ပါတယ်။ သီလရှိသူရံ့ သတင်းကတော့ လေညာအရပ်အထိပါ ပျံ့လွင့်နိုင်ပါတယ်။ သီလနဲ့ တူတဲ့ နတ်ပြည်တက်ကြောင်း စောင်းတန်းဆိုတာ မရှိပါဘူး။ နိဗ္ဗာန်မြို့ကို ဝင်ရောက်ကြောင်း ဖြစ်တဲ့ သီလနဲ့ တူတဲ့ လမ်းဆိုတာ ဘယ်မှာမှ မရှိပါဘူး။ ကြိုက်တဲ့ လက်ဝတ်ရတနာ တန်ဆာမျိုးစုံ ဆင်ထားပါစေ၊ သီလတန်ဆာဆင်ထားသူလောက် ဘယ်နည်းနဲ့မှ မလှပနိုင်ပါဘူး။
သီလရှိသူဟာ ကိုယ်ကိုယ်ကို “ငါ ဖြစ်မှ ဖြစ်ရလေ၊ ငါကွာ” စသဖြင့် စသဖြင့် ကိုယ့်ကိုယ်ကို ကဲ့ရဲ့တဲ့ ဘေး၊ “ဒီကောင် ဘယ်တုန်းက ဘာ၊ ဘယ်လို ဘယ်ဝါ ဘယ်သင်း ဘယ်ဟာ” စသဖြင့် သူတပါးက ကဲ့ရဲ့တဲ့ဘေး၊ မင်း အစိုးရ အာဏာရှိသူတို့ရဲ့ ထောင်စတာတွေ ချခံရတဲ့ဘေး၊ သေသွားတဲ့အခါ မကောင်းတဲ့ ဒုဂ္ဂတိကို ရောက်ရတဲ့ ဘေးကနေလည်း ကင်းလွတ်ပါတယ်။ သီလရှိသူတို့ လုပ်ဆောင်ချက်မှန်သမျှ အမှန်ဘက်က အမြဲရှိနေပြီး အမြဲ အကျိုးရှိနေပါတယ်။ သီလရှိသူရဲ့ မျက်နှာဟာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး စတဲ့ အပြစ်ငါးပါးကင်းတဲ့ တန်ဆောင်မုန်းလပြည့်ညက လလို ကြည်တောက်နေပါတယ်။ လူပုံအလယ်မှာ တင့်တယ်ပါတယ်။ ပန်းအနံ့ကို နှစ်သက်တဲ့ နတ်တွေဟာ သီလရှိသူရဲ့ အနံ့ကို ဘယ်မကြိုက်ဘဲ ရှိပါ့မလဲ။ နတ်တွေရဲ့ မြတ်နိုးမှုကို ခံရပါတယ်။ အရပ်ဆယ်မျက်နှာဆီကို သီလရှိသူရဲ့ ဂုဏ်သတင်းကသာ မွှေးပျံ့နိုင်ပါတယ်။ သီလရှိသူတို့ရဲ့ ကောင်းမှုကသာ ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် ကုသိုလ်ရတာမျိုး ဖြစ်နိုင်ပါတယ်။
သီလရှိသူဟာ အပြစ်မျိုးစုံက ကြံဖန်လွတ်မြောက်နိုင်ပါတယ်။ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးကို သီလရှိသူတို့ကသာ တူးဖြိုနိုင်ပါတယ်။ လူ့ဘဝ လူ့စည်းစိမ်၊ နတ်ဘဝ နတ်စည်းစိမ်၊ ဗြဟ္မာဘဝ ဗြဟ္မာ စည်းစိမ်တွေကို သီလရှိသူကလွှဲလို့ ဘယ်သူမှ မရနိုင်ပါဘူး။ လိုချင်လို့ တောင့်တလိုက်တာနဲ့ တပြိုင်နက် မရောက်လာဘူးဆိုတာ မရှိပါဘူး။ သီလရှိသူရဲ့ စိတ်ဟာ နိဗ္ဗာန်လမ်းဆီကိုပဲ ပြေးနေမိတတ်ပါတယ်။ ဘုရင့်စည်းစိမ်ကို ဘုရင်ကသာ သိနိုင်သလို သီလရှိသူရဲ့ စည်းစိမ်ကို သီလရှိသူကသာလျှင် သိနိုင်ပါတယ်။ အပြစ်ဟူသမျှ တွန်းလှန်ချနိုင်တဲ့ သီလရဲ့ အကျိုးကျေးဇူး အကုန်အစင်ကို ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကလည်း အရိပ်အမြွက်ကလေးပါပဲ။
ပြီးပါပြီ။
ကျမ်းကိုး/ ပရမတ္ထသရူပဘေဒနီကျမ်း