မြန်မာဗုဒ္ဓဘာလူမျိုး တော်တော်မျာလှူတာ ဒါန်းတာတွေနဲ့ ပတ်သက်ရင် အစကနဦးက ကြည်ညိုမှုဆိုတာလေး တွဲပါလေ့ရှိအတွက် အလှူအဒါန်းအကြောင်း ရေးရာမှာ “ကြည်ညိုမှု”အကြောင်းလေး ကျွဲကူးရေပါ ဖြစ်လာမှာကြောင့်မို့ ခေါင်းစဉ်ကို “လှူကြ ဒါန်းကြ”ရဲ့ နောက်မှာ “ကြည်ညိုကြ” ဆိုတာလေးကို ထည့်ပေးလိုက်ပါတယ်။ အလှူဒါန ပြုလုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုလှူပါ၊ ဘယ်ပုဂ္ဂိုလ်ကိုလှူပါ စသဖြင့် စသဖြင့် Online ပေါ်မှာ တော်တော်လေး ရေးကြပြီးသားဖြစ်သလို အပြင်စာပေလောကမှာလည်း စာအုပ်တွေက တော်တော်ကို ပြီးပြည့်စုံအောင် ရှိပြီးသား ဖြစ်ပါတယ်။ အခု ကျွန်တော် အဲဒါလေးတွေကို အနားကွပ်ကြည့်တာပါ။ ကျွန်တော်တို့ တံမျက်စည်းလှည်းအသင်းက တစ်ယောက်ရယ် ကျွန်တော်တဲ့ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက်ရယ်က အလှူနဲ့ ပတ်သက်ပြီး လာမေးလို့ ကျွန်တော် ရေးဖြစ်တဲ့ အကြောင်းလေးလည်း ဖြစ်ပါတယ်။ သူတို့ကတော့ အစအဆုံး မေးတာပါ။ ကျွန်တော်တော့ အဆုံးကိုပဲ ရေးပြပါ့မယ်။ ဒီပိုစ့်ထဲမှာ အကယ်၍ ကျွန်တော့်ရဲ့ အတ္တနောမတိ (ကိုယ်ထင်တာ ကိုယ်ရေး) လို့ယူဆရတဲ့ အကြောင်းအရာများ ပါဝင်ခဲ့ရင် ကျမ်းဂန်နဲ့ မညီညွတ်ခဲ့ရင် ချက်ချင်းပြောပေးကြပါ။
ကျွန်တော်တို့ အလှူတစ်ခုခု လှူပြီး လုပ်ပြီးတဲ့နောက် ငါ့အလှူအကျိုးရမှ ရပါ့မလားလို့ သံသယဖြစ်စရာ အဖြစ်အပျက်တွေကို ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ရဟန်းတစ်ပါးပါးကို လှူလိုက်တယ်ပဲ ဆိုကြပါစို့ရဲ့။ ရဟန်းကလည်း သီလမရှိတဲ့ ရဟန်းဖြစ်နေတယ်ဆိုပါစို့။ အားလုံး သိပြီးသား ဖြစ်မှာပါ။ အလှူခံ ပုဂ္ဂိုလ် ၁၄ ဦးလေ။ (၁) တိရိစ္ဆာန် (၂) သီလမရှိတဲ့လူ (၃) သာသနာပ သရဏဂုံမရှိတဲ့ သီလရှိသူ (၄) သာသနာပ ဈာန်ရရသေ့ (၅) သီလရှိသောလူ (၆-၁၂) သောတာပန်စသည် ၈ ယောက် (၁၃) ပစ္စေကဗုဒ္ဓါ (၁၄) ဘုရား ဆိုတဲ့ အထဲမှာ “သီလ မရှိသောလူ” လို့ပါပေမယ့် “သီလ မရှိသော ရဟန်း” မပါတာ တွေ့ရပါလိမ့်မယ်။ ဆိုတော့ အလှူခံ (၁၄) ဦးထဲမှာ “သီလ မရှိသော ရဟန်း” ဟာ မပါဘူ။ မပါတော့ သူ့ကို လှူရင် အကျိုးမရဘူး။ မြန်မာစကားပုံထဲကလို သဲထဲရေသွန် ဖြစ်ရန်အကြောင်းများပေါ့။
“သီလ မရှိသော ရဟန်း” ကိုကော ဘာနဲ့ ဆုံးဖြတ်မလဲ။ ဘယ် သတ်မှတ်ချက်တွေနဲ့ သတ်မှတ်မလဲ။ ရဟန်းတွေအတွက် သိက္ခာပုဒ်ပေါင်း ကုဋေကိုးထောင်ကျော်ထဲက အဲဒီ အရဟန်းဟာ သိက္ခာပုဒ်ပေါင်း ကုဋေရှစ်ထောင် ကျော်လောက်ကို ကျူးလွန်နေပါသလား။ ဒါဆိုရင် သူစောင့်ထိန်းတဲ့ သီလပေါင်းက ကုဋေတစ်ထောင်လောက်ပဲ ရှိတာပေါ့။ အဲဒီ ကုဋေတစ်ထောင်နဲ့ ငါးပါးသီလသီလကို ပုဆိုးဝတ်သလို ခဏခဏ ပြင်ပြင်ဝတ်နေတဲ့ လူတွေရဲ့ သီလထက် နည်းသွားပြီလား။ “ဒါပေမယ့် ဆိုပြီးတော့” အထွန့်တက် ကြည့်ကြပါစို့ဦးရဲ့။ ရဟန်းဖြစ်နေပြီ ဒီသီလလောက်တော့ ရှောင်ကြဉ်သင့်တာပေါ့၊ ဒီကျင့်ဝတ်လောက်တော့ ဖြည့်ကျင့်သင်တာပေါ့ လို့။ လူကျတော့ စီးပွားရေး အရ မလိမ်လို့ မရဘူး။ သူငယ်ချင်းတွေနဲ့ မသောက်ရင် လူမှုရေးပျက်မယ်။ ကာမေသုကတော့ မလုပ်ဖြစ်ပါဘူးလား။ ကိုယ့်ကိုယ်၊ ကိုယ့်နှုတ်၊ ကိုယ့်စိတ်ကို ကိုယ်ပဲ သိတယ်လေနော်။ ခိုးမှုကျတော့ မကျူးလွန်ဖြစ်ပါဘူး။ ဒါကျတော့ ပြောရတော့မယ်။ မခိုးဘူးဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တားမြစ်ထားတဲ့ ဥပဒေ များစွာထဲက တစ်ခုခုကို ရယူလိုက်ရင် ခိုးလိုက်တာပါပဲ။ နောက်တစ်ချက် ပြောပါ့မယ်။ အနူးညံ့ဆုံးနဲ့ ကိုယ်ကျူးလွန်မိလို့ ကျူးလွန်မိမှန်း မသိတဲ့ ပြစ်မှုဟာ ခိုးမှုပါပဲ။ အများဆုံး ကျူးလွန်ကြတဲ့ အမှုဟာ ခိုးမှု ဖြစ်ပါတယ်။ သတ်တာကျတော့ ထားလိုက်ပါ။ သိပ်မကျူးလွန်ဖြစ်ဘူးပဲထား။ ငါးပါးသီလဆိုတာမျိုးကလည်း တစ်ပါးကျိုးရင် သီလပျက်ပြီ ဆိုတဲ့ သီလမျိုး။ သူက သီလစယူကတည်းက “ငါးပါးသီလပေးပါဘုရား” လို့ ယူထားပြီးတော့ သီလယူပြီးနောက် “ငါးပါးသီလကို စောင့်ထိန်းမည်ဖြစ်ကြောင်း ဝန်ခံကတိ ပြုပါ၏ ဘုရား” လို့ ငါးပါးလုံးကို တွဲယူထားတာ။ တစ်ပါးကျိုးရင် တာတမံငါးခုနဲ့ ပိတ်ထားတဲ့ ဆည်ကရေလို အကုန်ခန်းခြောက်တဲ့ သီလမျိုးနဲ့ ဘယ်သူ့ကို လက်ညိုးငေါက်ငေါက် ထိုးချင်ကြသေးလဲ။
စကားစပ်လာလို့ ဘလော့ဂါကြီးတွေ ရေးရေးကြတဲ့ “ဘုန်းကြီးပျက်၊ သင်္ကန်းဝတ် ရဟန်းတု၊ ရဟန်းယောင်” စတဲ့ စကားများကိုလည်း ပြောချင်ပါတယ်။ “သာသနာဖျက်” ဆိုတဲ့စကားကိုတော့ နောက်တစ်ပိုဒ်ကျမှ ပြောတော့မယ်။ “သင်္ကန်းဝတ်” ဆိုတာနဲ့ ပတ်သက်ပြီး ဆဒ္ဒန်ဆင် ဥပမာရှိပြီး ဖြစ်တဲ့အတွက် ကျွန်တော် ဘာမှ မပြောလိုတော့ပါဘူး။ “ရဟန်းတု ရဟန်းယောင်” ကျတော့ အကြောင်းရှိလို့ ကတုံးရိတ် သင်္ကန်းဝတ်ပြီး တစ်စုံတစ်ရာကို လုပ်ရန်၊ ဥပမာ ဥပဒေနဲ့ မကင်းတဲ့ အလုပ်ကို လုပ်ရန် ရည်ရွယ်သူများကိုတော့ အဲဒီ ပညတ်နဲ့ ထိုက်တန်ပါတယ်။ “ဘုန်းကြီးပျက် ရဟန်းပျက်” ဆိုတာမှကျတော့ ပြောရ အရမ်းခက်ပါတယ်။ တစ်ခါက မန္တလေးမြို့ လက်ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဆရာတော်နှင့် မစိုးရိမ်တိုက်ဟောင်းဆရာတော်တို့ အငြင်းအခုန်ဖြစ်ခဲ့ဖူးတဲ့ အကြောင်း အရာလေး တစ်ခုကို ပြောပြပါ့မယ်။ “ရဟန်းခံ” တစ်ခုကို တပည့်တကာတွေက ဂိုဏ်းကွဲဆရာတော် နှစ်ပါးလုံးကို ပင့်လိုက်ပါတယ်။ ဂိုဏ်းကွဲကလည်း ဗန်းမော်ဆရာတော် တားဆီးခဲ့ရဲ့သားနဲ့ မအောင်မြင်ခဲ့ဘူးနော်။ လူတွေရဲ့ အတ္တများ သိပ်ကြောက်စရာ ကောင်းတယ်။ ဒီလို ဂိုဏ်းမကွဲဖို့ ဥပမာမျိုးစုံနဲ့ တားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဂန္ဓာရုံဆရာတော် ပြန်လည်စေ့စပ်ခဲ့ပေမယ့် အရမ်းနောက်ကျနေခဲ့ပြီ။ ခုတော့ အမေးခံရရန် အငြင်းအခုန် ဖြစ်ရန် အကြောင်းများ ဖြစ်လာခဲ့တယ်။ ခုကလည်း အဲဒီ ဂိုဏ်းကွဲ ပုဂ္ဂိုလ်စွဲ ပြဿနာရဲ့ နောက်ဆက်တွဲပဲ ဆိုကြပါစို့။ ကိုရင်တစ်ပါးကို သိက္ခာတင်မယ်လုပ်တော့ သိမ်ထဲမှာ ဂိုဏ်းကွဲဆရာတော်နှစ်ပါး အငြင်းအခုန်ဖြစ်ပြီ။ မဟာဝိသုဒ္ဓါရုံတိုက်သစ်ဘက်က ဆရာတော်တွေက “ရွှေကျင်ဆရာတော် ရေးခဲ့တဲ့ ကမ္မဝါနဲ့ပဲ ဖတ်မယ်၊ ရွှေကျင်ဆရာတော် ရေးခဲ့တဲ့ ကမ္မဝါပဲ မှန်တယ်။ ခု ဖတ်နေတဲ့ ကမ္မဝါတွေက အမှားကြီးတွေ” ဆိုပြီး ပြောပါတယ်။ မစိုးရိမ်ဆရာတော်တွေကလည်း ပြောတယ်။ “အရင်ကမ္မဝါနဲ့ပဲ ဖတ်မယ်၊ ဘယ်သူရေးတဲ့ ကမ္မဝါနဲ့မှ မဖတ်နိုင်ဘူး” ဒီလို ငြင်းပြန်တယ်။ သိမ်ထဲမှာနော်။ သိမ်ထဲမှာ။ ရဟန်းခံလုနီးနီး ကမ္မဝါဖတ်ခါနီး အချိန်။
Thanks for sharing. I read many of your blog posts, cool, your blog is very good.