“မင်းတို့ ဒို့မစိုးရိမ်တိုက်သစ်က သံဃာတွေက များတော့ကို နိုင်ငံခြားဧည့်သည်တွေက ခဏခဏ လာပြီးတော့ အကဲခတ်တယ်၊ သူတို့ရဲ့ လမ်းညွှန်စာအုပ်ကလေးထဲမှာ “ရွှေအင်ပင်ကျောင်းကြီးရဲ့ အနီးမှာ သံဃာတွေ နှစ်ထောင်ကျော် သီတင်းသုံးတဲ့ ကျောင်းတိုက်ကြီးတစ်တိုက်ရှိတယ်” လို့ အဲဒီလိုရေးထားပါသတဲ့။ အဲ ပါတဲ့အတွက် ရွှေအင်ပင်ကျောင်းကတော့ အနုပညာလေ့လာဖို့။
ပြီးတော့ ရွှေအင်ပင်တစ်ကျောင်းလုံးက ကျွန်းသားနဲ့ချည်းဆောက်ထားတာ၊ တိုင်ကလည်း ကျွန်းသား၊ အကာကလည်း ကျွန်းသား၊ ပန်းပုရုပ်ကလည်း ကျွန်းသား၊ အဲဒီလို ကျွန်းသားနဲ့ချည်း ဆောက်လုပ်ထားတော့ကို အဲဒါက သူတို့အဖို့ ထူးဆန်းနေတယ်။
မင်းတို့ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျွန်းဆိုတာက မရှိသလောက် ရှားတယ်၊ အင်ဒိုနီးရှားတို့ ဘာတို့ ကျွန်းပင်ပေါက်တယ်။ ဒါပေမယ့် ဒို့ဗမာပြည်က ကျွန်းပင်လောက် မကောင်းဘူး။ အရည်အသွေးညံ့တယ်။
ဒီတော့ ဒီကျောင်းက ခုနပြောသလို တိုင်တွေရော အကာအရံတွေရော ပန်းပုရုပ်တွေရော အကုန်လုံး ကျွန်းနဲ့ချည်း ဆောက်ထားတယ်ဆိုတော့ အဲဒါ သူတို့က ဆန်းလို့မို့ လာပြီးတော့ ကြည့်တာ။ အိုချင်အိုပါစေ၊ ဟောင်းချင် ဟောင်းပါစေ။ သူတို့က အဲဒီရှေးဟောင်းပစ္စည်း ထူးထူးဆန်းဆန်းဆိုရင် အတော်ကြည့်တဲ့ အလေ့အထရှိတယ်။ အဲ သူတို့ လမ်းညွန်စာအုပ်ထဲမှာကိုပဲ အဲဒါလေးတွေ ပါနေတော့ကို ရောက်တာက များတယ်။ ဟိုတနေ့က မင်းတို့ သီဟိုဠ်က ဆွမ်းကျွေးတဲ့နေ့က အဲ ဆွမ်းကျွေးပြီး (၁၂) နာရီ (၁၂) နာရီကျော် နာရီပြန်တစ်ချက်ပေါ့။ အဲဒီနာရီပြန် တစ်ချက်မှာ ထိုင်ဝမ်က သီလရှင်တွေနဲ့ ဒီမလေးရှားက သီလရှင်တွေ နှစ်ဖွဲ့ပေါင်းပြီး ရောက်လာတယ်။ သူတို့က ကားနဲ့လာတာ။ ကားနဲ့လာပြီးတော့ ဒါယာဒကျောင်းနားရပ်တယ်ပေါ့။ ရပ်ပြီး ငါ့ဆီလာ။ အဲဒီတော့ ငါ့ဆီလာတော့ သီလရှင်တစ်ယောက်က ဗမာစကား ကောင်းကောင်းပြောတတ်တယ်။
“ဒီတိုက်မှာ သံဃာ (၂၀၀၀) ကျော် ရှိတယ်လည်း ဆိုသေးတယ်။ တိုက်ထဲ လာတော့လည်းပဲ သံဃာတွေ သွားလာနေတာ မတွေ့ရဘူးတဲ့၊ ဒီမှာ လာတော့လည်းပဲ မတွေ့ရဘူးတဲံ။ သံဃာတွေက ဘယ်ရောက်နေတုန်း” ပေါ့။ သူက မေးတယ်။
အဲဒီအချိန်က စာအံသံချောင်း ခေါက်ထားတဲ့အချိန်၊ သူ့စာအံကျောင်းနဲ့သူ စာအံနေတာ။ သူက အဲဒါ မသိဘူး။ ကားနဲ့လာတော့ စာအံသံလည်း သူတို့ မကြားဘူးပေါ့။ “အဲဒီအချိန်က စာအံကျောင်းတက်တဲ့အချိန်၊ ဒါကြောင့်မို့လို့ သူ့ကျောင်းနဲ့သူ စာအံနေကြတာ သံဃာတွေရှိတယ်” အဲဒီလိုပြောတော့ “အဲဒီ စာအံကျောင်းတွေ လိုက်ပြပါ” တဲ့။ အဲ ငါက ဒါကြောင့်မို့လို့ ပါရာဇိကဏ်စာအံကျောင်းလာပြီးတော့ ပြတယ်။ အဲဒီတော့မှ သူတို့ အံ့သြသွားတယ်။ ပါရာဇိကဏ်က အောက်ထပ်တစ်ထပ်လုံး ပြည့်နေတာကိုး။ ပြည့်နေတော့ အံ့သြသွားတယ်။ နောက် အဌသာလိနီ အဲဒါလဲ ပြတယ်။
ဟိုဘက်က သီလက္ခန် သမ္ပတ္တိကျောင်း၊ သီလက္ခန် အဲဒီကျတော့ စာအံကျောင်းက ဆင်းသွားပြီး (၂) နာရီ ထိုးတော့ စာအံကျောင်းက ဆင်းသွားပြီ။ အဲဆင်းတယ် ဆိုပေမယ့် မင်းတို့ သူတော်ကောင်းတွေကလည်းပဲ ခေါင်းမြီးခြုံပြီး အိပ်လိုက်ကြပုံတော့ကွာ၊ အဲဒါ အဝေးကြီးကနေပြီးတော့ “အောင်မာ ၊ အိပ်နေပြီ” တဲ့။ သူတို့က လူကို လှမ်းအော် နေတယ်။ “အေး ဒီအချိန်က စာအံကျောင်းက ပြီးသွားပြီ” လို့ ၊ နောက်နာရီဝက်နေလို့ရှိရင် ပြန်ပြီးတော့ စာအံကျောင်း ခေါက်တယ်။ အဲဒီကျရင် သူတို့ ထမှာပေါ့။ အဲလို ပြောလိုက်ရတယ်။
အဲဒါ သူတို့က သဘာဝအတိုင်း နေတာထိုင်တာကို ကြည့်ချင်တာ၊ ဟန်လုပ်တာကို သူတို့က မကြည့်ချင်ဘူး။ အဲ ဒီ့ပြင်တိုက်တွေက ဟန်လုပ်တယ်ပေါ့။ သူတို့က သူတို့သဘောက အဲဒီဟာတွေကို သူတို့က မကြည့်ချင်ဘူး၊ သဘာဝအတိုင်း မင်းတို့ဟာ မင်းတို့ ခါးတောင်းမြှောင်အောင် ကြိုက်နေနေ သူတို့က အဲဒါ ကြည့်ချင်တာ။ အေး အဲဒီ နိုင်ငံခြားတိုင်းပြည်က အသိများတယ်။
အဲဒီ ထိုင်ဝမ်က သီလရှင်အဖွဲ့နဲ့ မလေးရှား သီလရှင်အဖွဲ့က တစ်ဖွဲ့ကို နှစ်ဆယ်ရှစ်သိန်းစီ ဆွမ်းပဒေသာ အဖြစ် လှူသွားတယ်။ အဲ ငါကလည်း ပြောလိုက်တယ်။ စာမေးပွဲတွင်းကျလို့ရှိရင် (၁၃) ရက်တိတိ ဆက်တိုက် ဒီသံဃာ တွေကို ဆွမ်းကျွေးရတယ်။ အဲဒီလိုပြောလိုက်တော့ သူတို့က အဲဒီလိုဆိုရင် ဆွမ်းပဒေသာအဖြစ် သူတို့ လှူပါ့မယ် ဆိုပြီးတော့ ထိုင်ဝမ်အဖွဲ့ က (၂၈) သိန်း၊ မလေးရှားအဖွဲ့က (၂၈) သိန်း၊ ပါလာတဲ့ ဗမာခရီးသည် ဒီတိုး ကုမ္ပဏီနေမှာပေါ့။ အဲဒီ သူက (၁) သိန်း အားလုံးပေါင်း (၅၇) သိန်း (၅၇) သိန်းပေါ့။ အဲဒီ သီဟိုဠ် ဆွမ်းကျွေးတဲ့နေ့တုန်းက ဆွမ်းပဒေသာဆိုပြီးတော့ အဲဒီအဖွဲ့က လှူသွားတယ်။
အဲဒီ သီဟိုဠ်ကတော့ သူတို့က ဆွမ်းကျွေးချင်တယ်ဆိုတော့လည်း ဆွမ်းဖြစ်အောင် စီမံရတာပေါ့။ ပြီးတော့ သူတို့က လျှောက်တော့ကို ကြက်သား ၀က်သားနဲ့ မကျွေးချင်ဘူးတဲ့။ ငါးနဲ့ ကျွေးချင်သတဲ့။ ငါးနဲ့ ကျွေးချင်တယ်ဆိုတော့ ငါးဝယ်ရတာက လွယ်တာမှ မဟုတ်ဘဲ။ ငါးဆိုတာ ငါးသည်တွေဆီ သွားဝယ်ရင် အချိန် (၁၀) လောက် (၂၀) လောက် ဒီလောက်ပဲ ရောင်းမှာပေါ့။ အဲဒါတွေ လျှောက်စုပေါင်းပြီးတော့ ၀ယ်ရတာ။
အဲဒီ သီဟိုဠ် နောက်နှစ်လည်း သူတို့ လာကျွေးဦးမယ်တဲ့။ အဲ ရှင်းရှင်းပြောရရင်တော့ သီဟိုဠ်နိုင်ငံကတော့ မွဲပါတယ်။ မင်းတို့ ဗမာပြည်နဲ့ တူတူပါပဲ။ အတော်မွဲတဲ့ နိုင်ငံတွေ၊ ဟို ထိုင်ဝမ်တို့ မလေးရှားတို့ကတော့ သူတို့ကတော့ ချမ်းသာတယ်။ အဲ အဲဒီပုဂ္ဂိုလ်တွေက ဆွမ်းပဒေသာဆိုပြီးတော့ လှူဒါန်းသွားတယ်။
ပြီးတော့ မင်းတို့ ငါအရင်ပြောထားတယ်။ တစ်ကျောင်းမှာ အပြစ်ရှိတဲ့ ပုဂ္ဂိုလ် အပြင်မှာ တပါးတွေ့တယ်ဆိုရင် တကျောင်းလုံး နှင်ထုတ်မယ်။ အဲဒါပြောပြီးသား။ ဒီတော့ (၁၂) နာရီကျော်ရင် စားသောက်ဆိုင်တွေ ထိုတာတွေ ဘာတွေ မလုပ်နဲ့။
မင်းတို့ ငါ ဟိုတနေ့က ငါကိုယ်တိုင် လျှောက်ပြီးတော့ ဖမ်းတယ်။ မမိပါဘူး။ တပါးမှ။ အဲ မင်းတို့လည်းပဲ ဖမ်းမယ်လို့ ကြေငြာထားတာ မဟုတ်ဘူး။ ရုတ်တရက် ဦးဇင်းတွေ ခေါ်ပြီးတော့ သွားလိုက်တယ်။ အဲ အဲဒါ မှတ်ထား။ တပါးမိရင် တကျောင်းလုံး နှင်ထုတ်မယ်။ ဒို့ဆီက သံဃာက များလွန်းတယ်။ သံဃာများလွန်းတော့ကို စည်းကမ်းတကျနေထိုင်မှ အတော်ရှိတာ။
မင်းတို့ ခုခေတ် ဒကာ ဒကာမတွေဆိုတာ မစိုးရိမ်ကျောင်းတိုက် ဒကာကြီးလို သဒ္ဓါတရား ခိုင်မာတာ မဟုတ်ဘူး။ ဒို့ မစိုးရိမ်ကျောင်းတကာကြီး ဦးကျော်ဆိုတာ သဒ္ဓါတရား သိပ်ခိုင်မာတာ။ ဦးကျော်ရဲ့ သူငယ်ချင်းတွေ မစိုးရိမ်တိုက်ထဲ လာ၊ မစိုးရိမ်တိုက်ထဲ လာတော့ ရာဟုထောင့် ကုဋီရှိတဲံ နေရာတွေပေါ့။ အဲဒီ ရာဟုထောင့်မှာ ဦးဇင်းလေးငါးပါး ခြင်းခတ်နေတယ်။ အဲဒါ တွေ့တယ်။ တွေ့တော့ကို သူတို့က ဒီ ဦးကျော်ကို သွားပြောတယ်။
“ခင်ဗျား မစိုးရိမ်တိုက်က ဦးဇင်းတွေ ခြင်းခတ်နေတယ်”
“ခင်ဗျားတို့ ဘယ်သူပြောလို့လဲ”
“ကျွန်တော် ကိုယ်တိုင် မြင်တာပါ”
“ဟုတ်လား။ ဒါဖြင့် နောက် (၂) ရက်ကျတော့ ကျွန်တော်လည်း လိုက်ခဲ့ပါမယ်။ အဲ သူတို့ ခြင်းခတ်တဲ့ဆီ ကျွန်တော့ လာခေါ်ပါ”
အဲသလို ပြောတော့ ခုနက ဒကာတွေက သူတို့ကိုယ်တိုင် ဦးကျော်ကို သွားခေါ်။ သွားခေါ်ပြီးတော့ ခြင်းဝိုင်းကလည်း ထုံးစံအတိုင်း ရှိနေတယ်ပေါ့။ အဲဒီနေရာလဲ အဲ လိုက်ပြတယ်။ လေးငါး ခြောက်ပါး ခြင်းခတ်နေတယ်။ ဦးကျော်က အဲဒီ အချိန် စာချတဲ့ အချိန် ဆိုတာလည်း သိတယ်။ သိတော့ကို ပါဠိကျောင်း ဒို့ဆရာတော်ကြီးက စာချနေတယ်။ ဆရာတော်ကြီး ဦးသူရိယပေါ့။ အဲဒီ ဆရာတော်ကြီးက ပါဠိကျောင်း စာချနေတယ်။ အဲဒီမှာ စာလိုက်တဲ့ သံဃာတွေက တစ်ရာ / တစ်ရာကျော်လောက်ရှိတယ်။ ဖိနပ်တွေလည်း အများကြီးပဲ။ အဲဒါတွေကို ဦးကျော်က ခုနက ခြင်းခတ်တယ်လို့ ပြောတဲ့ ဒကာတွေကို လိုက်ပြတယ်။
“ဘယ်နဲ့လဲ ခင်ဗျားတို့ ခြင်းခတ်နေတဲ့ သံဃာနဲ့ အခု စာလိုက်နေတဲ့ သံဃာ ဘယ်ဟာက ပိုများသလဲ” လို့မေးတော့
“ဟာ စာလိုက်နေတဲ့ သံဃာတွေက အများကြီးပဲ ရာကျော်ရှိတာ၊ ဟိုမှာက လေးငါးပါးလောက် ရှိတာ” အဲလိုပဲ ပြောသတဲ့။
ဒီတော့ “ ခင်ဗျားတို့က ခြင်းခတ်တဲ့ ဘုန်းကြီးတွေ သွားကြည့်တော့ ခြင်းခတ်တဲ့ ဘုန်းကြီး တွေ့မှာပေါ့၊ စာလိုက်တဲ့နေရာ သွားကြည်ရင် စာလိုက်တဲ့ သံဃာတွေ့မှာပဲတဲ့။ အဲသလို စာလိုက်နေတဲ့နေရာလည်း ကြည့်တတ်ဖို့ လိုပါသေးတယ်” လို့ ဦးကျော်က အဲဒီ ဒကာတွေကို ဆုံးမလိုက်တယ်။ အဲဒီ ကျောင်းဒကာကြီး ဦးကျော်လို သဒ္ဓါတရား ခိုင်မာတဲ့ ပုဂ္ဂိုလ်က အင်မတန်ရှားတယ်။
များသောအားဖြင့် သံဃာတွေအပေါ်ကို အပြစ်မြင်တဲံ ဒကာ ဒကာမက များနေတယ်။ အထူးသဖြင့် မင်းတို့ သတင်းထောက်၊ အဲဒီ သတင်းထောက်တွေက သံဃာတွေ အပေါ်မှာ ပိုပြီးတော့ အပြစ်မြင်တယ်။
အရင်တုန်းက ထွန်းနေ့စဉ် သတင်းစာ ဆိုတာ ရှိတယ်။ ဦးထွန်းဖေ ပထမတော့ သူ ၀န်ကြီးဖြစ်တယ်ပေါ့။ အဲ ၀န်ကြီးဖြစ်နေပြီးတော့ သင်္ဂါယနယတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက ကန့်ကွက်တယ်။ “တိုင်းပြည် မဖွံ့ဖြိုးသေးဘူး၊ သာသနာရေးမှာ ဒီလောက်ထိအောင် ငွေကုန်ကြေးကျခံပြီးတော့ မသုံးထိုက်ဘူး” လို့ ကန့်ကွက်ပြီးတော့ တားမြစ်တာ။ မရတော့ သူက ၀န်ကြီး အဖြစ်က နှုတ်ထွက်လိုက်တယ်။ နှုတ်ထွက်ပြီးတော့ ထွန်းနေ့စဉ် သတင်းစာဆိုပြီး သတင်းစာထုတ်ဝေတယ်။ အဲ သူကိုယ်တိုင်ပဲ သတင်းထောက်လုပ်တယ်ကိုး။
နောက် အသက်ရှစ်ဆယ်ကျော် သေခါနီးတော့…. ဦးထွန်းဖေက ပြောတယ်
ကျွန်တော် ဘုန်းကြီးတွေနဲ့ ပတ်သက်ပြီးတော့ အမြင်မကြည်လင်တာ အတော်မှားတယ်။ ကျွန်တော်တို့က သတင်းထောက်ဆိုတော့ကို မကောင်းတဲ့ ဘုန်းကြီးပဲ လိုက်ပြီးတော့ သတင်းထောက်တယ်။ အဲ သံဃာတစ်ထောင်မှာ မကောင်းတဲ့ ဘုန်းကြီးက (၁၀) ပါး၊ (၁၅) ပါး၊ ဒီလောက်ရှိမှာ။ အဲဒီ (၁၀) ပါး၊ (၁၅) ပါးရဲ့ မကောင်းသတင်းကိုသာ ကျွန်တော်တို့က သတင်းစာထဲ ထည့်တယ်။ ကျန်တဲ့ ရာပေါင်းများစွာရဲ့ ကောင်းတာ လုပ်နေတဲ့ သတင်းကျတော့ ကျွန်တော်တို့ ဘာမှ မရေးဘူး။ အဲဒီလို မကောင်းတဲံ ဦးဇင်းတွေကိုသာ လိုက်ကြည့်ပြီး သတင်းထောက်လုပ်နေတော့ ဘုန်းကြီးတွေအပေါ်မှာ ကြည်ညိုလို့ မရဘူး ဖြစ်သွားတယ်တဲ့။ ငယ်ငယ်က ကြည်ညိုလို့မရလောက်အောင် ဆိုးသွမ်းတဲ့ ဦးဇင်းက အရေအတွက် နည်းနည်းလေးရှိတာ။ တကယ်ကြည်ညိုဖွယ်ကောင်းတဲ့ ဘုန်းကြီးတွေက အများကြီးရှိသေးတယ်။ အဲဒါကို သူတို့မမြင်ဘူး” လို့ အသက်ရှစ်ဆယ်ကျော်တော့ အဲသလို သူ့တပည့်တွေကို ပြောခဲ့တယ်။ အဲဒါ မှတ်ထား။
အေး သူက အသက်ရှစ်ဆယ်ကျော်မှသံဝေဂရတော့ ဒါကလည်းပဲ မင်း သဘာဝတော့ မကျပါဘူး။ ငယ်ရွယ်စဉ် ကတည်းကိုက ကောင်းတဲ ဘုန်းကြီးတွေလဲ အများကြီးရှိတယ်လို့ အဲဒီလို အမြင်ကြည်လင်ရင် ကောင်းမယ်။ အခုတော့ မကောင်းတဲ့ ဘုန်းကြီးတွေ လေးငါးပါးအကြောင်း သတင်းစာထဲ ပုံကြီးချဲ့ ရေး အဲသလို ။
သဒ္ဓါတရား ခိုင်မာတဲ့ ပုဂ္ဂိုလ်က အတော်နည်းပါးတယ်။ ဒါကြောင့်လဲ သဒ္ဓါတရား မခိုင်မာတဲ့ ပုဂ္ဂိုလ်တွေက များနေတဲ့အတွက် အဲ မင်းတို့ မဟုတ်တဲ့ အလုပ်တွေ မလုပ်နဲ့လို့ တားမြစ်နေရတယ်။ တားမြစ်မရတော့ ခုနက ပြောတဲ့အတိုင်း အပြစ်တပါးတွေ့ရင် တကျောင်းလုံး နှင်ထုတ်မှာပဲ။ ဘယ်လောက်နှင်ထုတ် နှင်ထုတ် ဒို့ဆီက လာမယ့် သံဃာက အဆင်သင့်ရှိနေတယ်။ ဘာဖြစ်လို့တုန်း၊ ဒီက စာတကယ်လုပ်ပေးတယ်။ အခြား အခြားသော တိုက်တွေမှာက ဒီလို ကြပ်ကြပ်မတ်မတ် စာတကယ်လုပ်ပေးတဲ့ တိုက် မရှိသလောက်ရှားသွားပြီ။ ဒါကြောင့် ဒီတိုက်မှာ နေချင်တဲ့ ပုဂ္ဂိုလ်တွေက အမျာကြီးရှိနေတယ်။ မင်းတို့လည်း မနေနိုင်ရင် ထွက်သွား။ နေနိုင်ရင် စည်းကမ်းတကျနေ။
ကဲ ဦဇင်းတွေကြွ၊ ကိုရင်တွေ သီလယူ။”
မစိုးရိမ်တိုက်သစ်အဓိပတိမဟာနာယကချုပ်ရဲ့ သြ၀ါဒပါ။ စိန်ရတုအထိန်းအမှတ်အဖြစ်ထုတ်ဝေတဲ့ သြ၀ါဒများ စာအုပ်ထဲက ၁၃၆၈ ခုနှစ်၊ သီတင်းကျွတ်လကွယ်ညကပေးတဲ့ သြ၀ါဒစာအုပ်ကပါ။