ဟာ……. တစ်နေ့ကမှ ဘုရားပွင့်ပြီးတယ်။ ဒီနေ့နောက်တစ်ဆူပွင့်ပြန်ပြီလားလို့ ကာလနဂါး ညည်းညူပြီးတဲ့နောက် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ဂါထာပေါင်းများစွာဖြင့် ချီးကျူးပါတယ်။ ဒီအသံကို စောင့်နေတဲ့ နတ်များကလည်း အသံကို ကြားပြီးနောက် မြတ်စွားဘုရားရဲ့ ဂုဏ်တော်ကို ချီးကျူးပါတယ်။
အလောင်းတော်ဟာ သုဇာတာကပ်တဲ့ ဆွမ်းကိုဘုဉ်းပေးပြီးနောက် ဗောဓိပင်ရှိရာကို သွားခဲ့ပါတယ။် အဲဒီနေ့မှာ သောတ္ထိယကလည်း တောကနေ မြက်ရှစ်ဆုပ်ထမ်းပြီး ပြန်အလာဖြစ်နေတော့ လမ်းခုလတ်မှာ ဆုံတယ်။ အလောင်းတော်က မြက်ကိုအလိုရှိဟန်ပြတာနဲ့ သောတ္ထိယက မြက်ရှစ်ဆုပ်လှူပါတယ်။ သောတ္ထိယက ဘာမှန်း ညာမှန်းမသိဘဲနဲ့ လှူရသလားလိုတော့ မေးစရာရှိပါတယ်။ အဲဒီအချိန်မှာ အိန္ဒိယမှာ ဘုရားပေါင်း အဆူ (၂၀) ကျော်လောက်ကို ပွင့်နေတာပါ။ ဒါကြောင့်သောတ္ထိယက လှူလိုက်တာ။ အဲဒီမြက်ရှစ်ဆုပ်ကို ဗောဓိပင်မှာ နေရာရွေးပြီး အရှေ့ဘက်မျက်နှာမှာ မြက်ကို ကြဲချလိုက်တော့ ပလ္လင်ပေါ်လာပါတယ်။ မိုးကြိုးပစ်ချလည်း မပျက်စီးနိုင်လို့ အဲဒီပလ္လင်ကို “အပရာဇိတ” လို့ခေါ်တယ်။ အလောင်းတော်ဟာ ၀ီရိယလေးပါးနဲ့ ပလ္လင်ပေါ်တက်ပြီး ဘုရားမဖြစ်သမျှ ဤတင်ပလ္လင်ကို မဖြုတ်ဆိုပြီး သန္နိဋ္ဌာန်ချဆောက်တည်လိုက်တယ်။ နတ်တွေက အလောင်းတော် ဘုရားအဖြစ်သို့ရောက်ရှိတော့မယ်ဆိုတာသိလို့ လာရောက်စောင့်နေကြပါတယ်။ သိကြားလည်းလာတယ်။ ဗြဟ္မာလည်းလာတယ်။
မာရ်နတ်ကတော့ နည်းနည်းနောက်ကျတယ်။ သူက သုဒ္ဓေါဓနရဲ့သားသိဒ္ဓတ္ထက ဘုရားဖြစ်ချင်နေသတဲ့ လောကမှာ ငါကသာလျှင် အမြတ်ဆုံး အတော်ဆုံးဆိုတာ မင်တို့သိတယ်နော် ” လာလိုက်ခဲ့ သူ့ကို အပြတ်နိုင်နင်းရမယ်ဆိုပြီး မိုက်မဲတဲ့ နတ်တွေကို မြူဆွယ်လိုက် ခြိမ်းခြောက်လိုက်လုပ်ပြီး ခေါ်ပါတယ်။ အလောင်းတော်က တောထွက်တဲ့နေ့ကစပြီး “မိစ္ဆာဝိတက်လေး” တစ်ချက်လောက် ၀င်ရဲ ၀င်ကြည့်စမ်းဆိုပြီး စောင့်ကြည့်နေခဲ့သူ။ ပြီးတော့ ဒီအချိန်မှ အလောင်းတော်ကို မနိုင်ရင် သူဘယ်တော့မှ မနိုင်လောက်တော့ဘူး လို့ခန့်မှန်းမိတဲ့အချိန်။
ဗုဒ္ဓကလည်း အလောင်းတော်ဘ၀မှာကတည်း ဘယ်လောက်ကြည်ညိုစရာကောင်းလည်းဆိုတော့ တောထွက်တဲ့နေ့ကစပြီး အကုသိုလ်ဖြစ်စေတဲ့ အတွေးမျိုး အပြောမျိုး အမူအရာမျိုးကို ခေတ်စကားနဲ့ပြောရရင် နာနိုစက္ကန့်လေးလောက်တောင် မတွေး မကြံ မပြော မပြုလုပ်ခဲ့တာဗျ။ ကျွန်တော်ကတော့ အဲဒီအချိန်ကတည်းက အ-ရဟ ဆိုတဲ့ ဂုဏ်နဲ့ပြည့်စုံနေပြီလို့ ထင်ပါတယ်။
မာရ်နတ်ရောက်လာတော့ သိကြား ဗြဟ္မာ အကုန်ထွက်ပြေးကြတယ်။ ပါသမျှတွေကို အကုန်ချပြီး ပြေးရတာ။ မာရ်နတ်က တကယ်တမ်းတော့ ဗြဟ္မာလောက် သူနေတဲ့ ဘုံက နတ်မင်းလောက်တန်ခိုးမရှိပါဘူး။ ဒါပေမယ့် အပြင်လောကမှာ ရှိနေတဲ့ လူကြီးလူကောင်းတွေရဲ့ ကြားထဲ ခွေးရူးတစ်ကောင်ဝင်လာရင် အားလုံးထွက်ပြေးရတယ်မဟုတ်ပါလား။ မာရ်နတ်က အဲဒီအစားထဲက။ သိကြားမင်းဆိုရင် စင်္ကြ၀ဠာတံတိုင်းအထိရောက်သတဲ့။ အချိန်က ညနေစောင်း။
တစ်ခုရှိတယ်။ အဲဒီအချိန်မှာ အလောင်းတော်ဟာ ပုထုစဉ်အဆင့်ပဲရှိသေးတယ်။ ခင်ဗျားတို့ အနေနဲ့ဆိုရင်ကော အကြီးစားရန်သူ ၀ိုင်းလာချိန်မှာ ကိုယ့်တစ်ယောက်တည်းကို အားလုံးက ၀ိုင်းစွန့်ပြီးထွက်ပြေးသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
အော်…..မာရ်နတ်ရဲ့ စွမ်းအင်ကို မပြောရသေးဘူးနော်။ မာရ်နတ်က ဂိမ်းကစားသမားစကားနဲ့ပြောရရင် ပါဝါမြင့်တယ်ဗျ။ သူက အနီးကိုရောက်လာရင် သူ့ကိုဦးညွတ်မှ ချမ်းသာမယ်။ ဦးညွတ်လိုက်ရင် သမင်ဟာ ကျားအဆင့်ဖြစ်သွားတယ်။ စာကလေးဟာ ဂဠုန်အဆင့်ဖြစ်သွားတယ်။ အဲလို ပါဝါမြင့်တော့ လောကမှာ ရှိသမျှ သားရိုင်းသတ္တ၀ါတွေလည်း သူ့နောက်ကိုလိုက်ရပြီပေါ့ဗျာ။ ဒါကို ထိုင်ရာက မထဘဲ မာရ်နတ်ရဲ့ တိုက်ခိုက်မှုကို ပထ၀ီကို သက်သေယူပြီး တုန့်ပြန်ခဲ့တဲ့ အလောင်းတော်ရဲ့ သတ္တိဟာ နည်းနည်းနောနော မဟုတ်ဘူးနော။ အားလုံးသိပြီးသား မာရ်နတ်နိုင်တယ်။
စင်္ကြ၀ဠာအစွန်က နတ်တွေ တီးတိုးတီးတိုးနဲ့ ဘယ်သူနိုင်လဲ မသိဘူးနော် ဆိုပြီး စုံစမ်းကြတယ်။ မာရ်နတ်ထွက်ပြေးသွားတာကို သိတော့ သူသူငါငါအရှက်ပြေလေးပြုံးရင်း ပြန်လာကြပါတယ်။ အရေးထဲ သိကြားမင်းက မာရ်နတ် ကျကျန်ခဲ့တဲ့ စောင်းနဲ့တူတဲ့ အ၀ါရောင်သန်းနေလို့ ဝေဠုဝ အမည်တွင်ပြီး သဒ္ဒါရေးအရ ဗေလုဝ လို့ဖြစ်သွားတဲ့ ဗေလုဝပဏ္ဍုကြိုးတပ်တူရိယာကို ကောက်ပြီး သူရဲ့ ငယ်ကျွန်ကြီး ပဉ္စသိင်္ခကိုပေးလိုက်တယ်။ ရှိသေးတယ်။ ရှိသေးတယ်။ ပဉ္စသိင်္ခကလည်း မခေဘူး။ အဲဒီစောင်းနဲ့ သူရိယ၀စ္ဆသာတိုတဲ့ နတ်သမီးကို သွားသွားပိုးတာ။ ခုတော့ ရနေပြီလားမသိဘူး။ မင်္ဂလာဆွမ်း လာမပင့်တာကို ထောက်ရင်တော့ မရလောက်သေးဘူးနဲ့တူပါတယ်။ (ဆုတောင်းပေးလိုက်ပေါ့ဗျာ)
အလောင်းတော်ဟာ ညဦးပိုင်းမှာ ဥာဏ်တစ်ခု။ ညသန်းခေါင်မှာ ဥာဏ်တစ်ခု၊ မနက်လင်းလုနီးနီးမှာ ဥာဏ်တစ်ခုရပြီးနောက် မနက်လင်းတာနဲ့ ဘုရားအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ဘုရားတို့မည်သည် နောက်ဆုံးဘ၀မှာ ရှေးက ပြုဖူးတဲ့ ကုသိုလ်အရှိန်အရ နာမည်ရလေ့ရှိတယ်။ အလောင်းတော်ဟာ မုံညင်းဆီလှူပြီး ဘုရားဆုပန်ခဲ့လို့ သိဒ္ဓတ္ထလို့ တွင်တယ်။ အနွယ်တော်အရ ဂေါတမ အနွယ်မို့လို ဂေါတမလို့ တွင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။
Thanks for sharing. I read many of your blog posts, cool, your blog is very good.