ဘုရားရှင်က မကုဠတောင်မှာ ဆဋ္ဌမြောက်ဝါကို ဆိုတော်မူပြီးနောက် ၀ါကျွတ်သဖြင့် ပုရိမ၀ါမှ ထပြီး ထုံးစံအတိုင်း ဒေသစာရီကြွချီခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒေသစာရီကြွပုံက တုရိတာစာရိကနှင့် အတုရိကာစာရိက ဆိုပြီး နှစ်မျိုးရှိတယ်။ တုရိတစာရိက (ရုတ်တရက် ဒေသစာရီကြွချီတော်မူခြင်း) ဆိုတာက အာဠ၀ကဘီလူးကြီးလို ခြွေချွတ်တော်မူဖို့တို့ အင်္ဂုလိမာလလို ခြွေချွတ်တော်မူတို့ဖို့လို့တဲ့ အတွက်ဖြစ်ပါတယ်။ အတုရိတစာရိကာကျတော့ ၀ါကျွတ်ပြီးနောက် ၀ါဆိုတဲ့ကျောင်းမှာ ပါရမီရင့်တဲ့ပုဂ္ဂိုလ်ရှိသေးရင် သူတို့မဂ်ဖိုလ်ရဖို့ငဲ့ပြီး ဆက်လက်သီတင်းသုံးတယ်။ မရှိတော့လျှင် ဒေသစာရီကို ၀ါကျွတ်သမျှ ကာလပတ်လုံး ၀ါဆိုသည့်အထိ ဒေသစာရီကြွချီတော်မူတယ်။ ခု ဘုရားရှင် အစဉ်အတိုင်း ဒေသစာရီကြွချီစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းလေးကို တင်ပြပါမယ်။
ရာဇဂြိုဟ်မြို့က ဘာသာမဲ့ကို အားထားကိုးကွယ်တဲ့ ဘာသာမဲ့သူဌေးတစ်ဦးဟာ မြစ်ထဲရေ၀င်ချိုးတုန်း မြစ်ကမ်းနဖူးပေါ်အ၀တ်ထားခဲ့ရင်လည်း သူခိုးရန်ကြောက်ရ။ မြစ်ထဲထားရင်လည်း ရေပါမှာကြောက်ရနဲ့မို့ အ၀တ်တွေကို ပိုက်ကွန်တစ်ခုထဲထည့်ပြီး ရေချိုးနေကြတယ်။ အဲဒီအချိန် မြစ်ညှာက စန္ဒကူးပင်တစ်ပင်ဟာ ရေတိုက်စားမှုကြောင့် ရေအိုးလုံးလောက်ပဲကျန်တော့တဲ့ အပိုင်းတစ်ခုဟာ သူတို့ရဲ့ ပိုက်ကွန်မှာ လာငြိနေပါတယ်။ သူဌေးက အဲဒါကိုယူလာပြီး အိမ်မှာလည်း စန္ဒကူးသားက အများသား။ ဒါက ပိုနေတယ်။ ဘာလုပ်ရမလဲလို့ စဉ်းစားလိုက်တဲ့အခါ သပိတ်လုပ်ဖို့ စဉ်းစားမိတယ်။ သူက ကိုယ့်ကိုယ်ကို ရဟန္တာ ရဟန္တာဆိုပြီး ပြောပြောနေကြသူကို အမြင်ကပ်နေတာ ကြာပြီ။ ဒါကြောင့် သပိတ်လုပ်လိုက်တယ်။ ပြီးတော့ ၀ါးနှစ်လုံးဆက်ပြီး အဖျားမှာ သပိတ်ကို တက်ချိတ်ထားလိုက်တယ်။ တစ်ခါတည်း ကြေငြာလိုက်တယ်။
“ရဟန္တာမှန်ခဲ့ရင် ဒီသပိတ်ကို ဈာန်ပျံပြီးယူပါ”
ကြားရင် ကြားချင်းပဲ ယူသူက ပူရာဏကဿပ။ နာမည်ကြီး တိတ္ထိဆရာကြီးတစ်ဦးပါပဲ။ သူ့ကိုယ်သူတော့ ဘုရားလို့ ကြေငြာထားတယ်။ သူဌေးဆီသွားပြီး
“ငါ ရဟန္တာပဲ၊ ဒါကြောင့် ငါ့ကို သပိတ်ပေးပါ”
ဆိုပြီး အသားလွတ် သပိတ်ကိုတောင်းပါတယ်။ သူဌေးက လူလည်လေ။
“တပည့်တော် အားလုံးကို လှူပြီးသားပါဘုရား၊ ဈာန်ဖြင့်သာ ယူပါ”
ပူရဏစိတ်ပျက်တော့ မက္ခလိရောက်လာတယ်။ ပြီးတော့ အဇိတ။ ပကုဓ။ သဉ္စယ။ နောက်ဆုံးလာယူသူက နာမည်ကျော် တိတ္ထိဆရာ ခြောက်ပါးထဲက နိကဏ္ဌ။ သူက နည်းနည်းလည်တယ်။ တပည့်တွေနဲ့ ဇာတ်တိုက်ထားတယ်။ သူ့တပည့်တွေကို သူက သပိတ်ကို ဈာန်နဲ့ ယူမယ့်ဟန်ပြမယ်။ တပည့်က ဒီသပိတ်နဲ့ အရှင်ဘုရားရဲ့ ဈာန်နဲ့ မထိုက်တန်ပါဘူးဘုရားဆိုပြီး ဆွဲမယ်။ ပြီးတော့ သပိတ်ကို တောင်းမယ်ပေါ့။ အတိုင်အဖောက်ညီညီနဲ့ လုပ်ကြပါတယ်။ ပြီးတော့ သူဌေးကို ဈာန်ပျံချင်ပေမယ့် တပည့်တွေက ဆွဲနေလို့ မပျံဖြစ်တော့ကြောင်း။ ဒါကြောင့် သပိတ်ကို သူ့အားပဲ ပေးပါပေါ့။ သူဌေးကတော့ တစ်ခွန်းဆို တစ်ခွန်းပဲ။ “ဈာန်နဲ့သာ တက်ယူလိုက်ပါဘုရား” တဲ့။ နိကဏ္ဌစိတ်ပျက်ပြီး ပြန်သွားရတယ်။
ခုနှစ်ရက်နေ့ မြောက်မှာ အဲဒီမြို့ထဲကို အရှင်မောဂ္ဂလာန်နဲ့ အရှင်ပိဏ္ဍောလတို့ ဆွမ်းခံကြွလာပါတယ်။ လမ်းမှာ အရက်သမားတွေက “ရဟန္တာတွေတဲ့။ ဟားဟား။ ဘယ်သူမှ ရဟန္တာမဟုတ်ဘူး။ ခုကြည့်လေ။ အချောင်ရလို့ ရဟန်းဝတ်ပြီး ရဟန္တာလို့ ကြေငြာနေကြသူတွေ ဘယ်သူ သပိတ်ကို ယူနိုင်ခဲ့လို့လဲ” ဆိုပြီး အရှင်မောဂ္ဂလာန်နဲ့ အရှင်ပိဏ္ဍောလကို ရွဲ့စောင်းစကားပြောတယ်။
“ငါ့ရှင်။ ငါတို့ဘုရားရှင်ရဲ့ သာသနာကို သိမ်းကြုံးစော်ကားနေတဲ့အတွက် ငါ့ရှင်သွားချေ။ သပိတ်ကို ယူချေလော့” လို့ အရှင်မောဂ္ဂလာန်က အရှင်ပိဏ္ဍောလကို ခိုင်းပါတယ်။ အရှင်ပိဏ္ဍောလက “အရှင်ဘုရားက တန်ခိုးအရာမှာ အသာဆုံးမို့ အရှင်ဘုရားယူသင့်ပါတယ်ဘုရား” လို့ ငြင်းဆန်ပါသေးတယ်။ အရှင်မောဂ္ဂလာန်က “ငါ့ရှင်ပဲ ယူလိုက်ပါ” လို့ အခွင့်ပေးတာနဲ့ အရှင်ပိဏ္ဍောလက တန်ခိုးပြပြီး သပိတ်ကိုယူလိုက်ပါတယ်။
အရှင်ပိဏ္ဍောလက စတုတ္ထဈာန်ဝင်စားပြီး သုံးဂါဝုတ်ကျယ်တဲ့ ကျောက်ဖျာကြီးနှင့် မြို့ပေါ်မှာ ဘယ်ညာ ယိမ်းကစားပြတယ်။ လူတွေက ကျောက်ဖျာကြီး ကောင်းကင်ပေါ်ရောက်လာတော့ ၀ရုန်းသုန်းကား ထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ အရှင်ပိဏ္ဍောလက ကျောက်ဖျာကို ခြေဖျားစွန်းနဲ့ ခတ်ထုတ်လိုက်ပြီး ကိုယ်ထင်ပြကာ သပိတ်ကို ယူလိုက်ပါတယ်။ သူဌေးက သက်ဆင်းတော်မူပါဘုရားဆိုပြီး သပိတ်ထဲ ယာဂုအပြည့်လောင်းလိုက်ပါတယ်။ အရှင်ပိဏ္ဍောလ တန်ခိုးပြချိန်မှာ တချို့က မမြင်လိုက်ပါဘူး။ ဒါကြောင့် အရှင်ပိဏ္ဍောလ ပြန်တဲ့လမ်းတစ်လျှောက်လိုက်ပြီး “တန်ခိုးပြပါဦး” လို့ အကြိမ်ကြိမ်တောင်းရင်း လူတန်းကြီး လိုက်ပါလာပါတယ်။ အရှင်ပိဏ္ဍောလက တန်ခိုးပြရင်း ကျောင်းကို ပြန်ခဲ့ပါတယ်။ ကျောင်းထဲအထိ လူတန်းကြီးက လိုက်ပါလာပါတယ်။ ကျောင်းထဲ အုတ်ကျက်စီညံသွားတာပေါ့။
ဒီတော့ဘုရားရှင်က အရှင်အာနန္ဒာ ဘာတွေ ဖြစ်နေတာတုန်းလို့ မေးတော့ အရှင်အာနန္ဒာက အကြောင်းစုံလျှောက်ပြတယ်။ အဲဒီအခါ ဘုရားရှင်က အရှင်ပိဏ္ဍောလကို ခေါ်ယူပြီး ဟုတ်မဟုတ်မေးတယ်။ ဟုတ်မှန်ကြောင်းလျှောက်တဲ့အခါ ဘုရားရှင်က “တန်ခိုးမပြရ၊ ပြလျှင် ဒုက္ကဋ်အာပတ်သင့်စေ” ဆိုတဲ့ ပညတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးတော့ စန္ဒကူးသပိတ်ကိုလည်း ခွဲခိုင်းလိုက်ပါတယ်။
တိတ္ထိတို့ပျော်ပြီ။ ခွင်လည်း တည့်သွားပြီ။ “ဘုရားရှင်က တန်ခိုးမပြရ” ဆိုတဲ့ ပညတ်ချက်ကို ထုတ်ပြီဆိုလိုက်တော့ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေဟာ ဘယ်တော့မှ ဘုရားရှင်ရဲ့ စကားကို မလွန်ဆန်ဘူးဆိုတာကို တိတ္ထိတွေအားလုံး သိထားတယ်။ ဒါကြောင့် “ငါတို့က ငါတို့ဂုဏ်သိက္ခာကို ထိန်းပြီး တန်ခိုးမပြခဲ့တာ၊ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေက အရှက်မရှိလို့ တန်ခိုးပြကြတာ၊ ဘုရားက ခုဆို သူ့တပည့်လုပ်တာတွေကို ရှက်လို့ဆိုပြီး သပိတ်ကို ခွဲလိုက်ပြီလေ” လို့ သတင်းလွှင့်လိုက်ပါတော့တယ်။ တိတ္ထိတွေဟာ ဘုရားရှင် တန်ခိုးမပြရ သိက္ခာပုဒ်ကြောင့် ဘုရားရှင်လည်း တန်ခိုးမပြဘူးထင်ပြီး “အခု ငါတို့ ဘုရားရှင်နဲ့ တန်ခိုးပြိုင်မယ်” ဆိုတဲ့ ကြေငြာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကို ဗိမ္ဗိသာရက ဘုရားရှင်ကို သွားလျှောက်ပါတယ်။
(ဒီနေရာမှာ ကျွန်တော့်ကို ဘုရားရှင်က ဘာကြောင့် သူပညတ်ထားတဲ့ သိက္ခာပုဒ်ကို သူကိုယ်တိုင် ပြန်ကျူးလွန်ခဲ့သလဲ ဆိုတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် တစ်ယောက်ရဲ့ မေးခွန်းကို ဖြေခဲ့ပါ့မယ်။)
“အရှင်ဘုရား တန်ခိုးမပြရ သိက္ခာပုဒ်ကို ပညတ်လိုက်သလားဘုရား”
“ပညတ်လိုက်ပါတယ် မင်းကြီး”
“ခက်ပြီဘုရား။ ခု အဲဒါကြောင့် တိတ္ထိတွေက ဘုရားနဲ့ တန်ခိုးပြိုင်မယ်တကဲကဲ လုပ်နေကြတယ်ဘုရား“
“ဒါဆို ငါဘုရား ပြိုင်မှာပေါ့”
“သက္ခာပုဒ် ပညတ်ထားပြီလေဘုရား”
“အဲဒီ သိက္ခာပုဒ်တွေက သာဝကအတွက် ပညတ်ထားတဲ့ သိက္ခာပုဒ်ဖြစ်ပါတယ်”
“အရှင်ဘုရား သိက္ခာပုဒ်ကို ကွက်ပြီး ပညတ်လို့ရသလားဘုရား”
“သင်မင်းကြီး။ သင့်ဥယျာဉ်မှာ သရက်ပင်များစွာရှိပါသလား”
“ရှိပါတယ်ဘုရား”
“အခြားလူက သရက်သီးကို ခူးစားခဲ့ရင် သင်ဘယ်လိုလုပ်မလဲ”
“အပြစ်ပေးရပါမယ်ဘုရား“
“သင်ကိုယ်တိုင် ခူးစားခဲ့ရင်ကော”
“တပည့်တော်ကိုတော့ ဒဏ်မထိုက်ပါဘုရား။ ဘာကြောင့်လဲဆိုတော့ တပည့်တော်ရဲ့ သရက်သီးကို တပည့်တော် ခူးစားခြင်းမျှသာ ဖြစ်ပါတယ်ဘုရား”
“မင်းကြီး။ သင့်တိုင်းပြည်ကို သင်စိုးပိုင်သလို ဟောဒီ စကြာဝဠာကုဋေတစ်သိန်းကို ငါစိုးပိုင်တယ်။ ငါ့မှာ ပညတ်အပ်သော သိက္ခာပုဒ်မရှိ။ သာဝကအတွက်သာရှိတယ်။ ဒါ့ကြောင့် ထိုတိတ္ထိတို့နှင့် ငါတန်ခိုးပြိုင်ရလိမ့်မယ်”
“အရှင်ဘုရား တန်ခိုးကို ဘယ်အချိန်မှာ ပြမလဲဘုရား”
“နောက်လေးလကြာတဲ့အခါ ကျရောက်မယ့် ၀ါဆိုလပြည့်နေ့မှာ”
“ဘယ်အရပ်မှာ ပြမှာလဲဘုရား”
“ကဏ္ဍသရက်ပင်(သရက်ဖြူပင်)အနီးမှာ”
အဲဒီစကားကို မိန့်တော်မူလိုက်တဲ့ အချိန်ဟာ မဟာသက္ကရာဇ် (၁၀၈) ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁) ရက်နေ့ဖြစ်ပါတယ်။
(အဲဒီစကားတွေကို နားထောင်ပြီး ဘုရားရှင်ဘာကြောင့် သူပညတ်ထားတဲ့ သိက္ခာပုဒ်ကို သူပြန်ကျူးလွန်ခဲ့သလဲဆိုတဲ့ မေးခွန်းအဖြေလေးကို ရပြီလို့ ထင်ပါတယ်။) ဒီသတင်းကို ဗိမ္ဗိသာရဖြန့်လိုက်ပါတယ်။
တိတ္ထိတွေအားလုံး ညည်းကြတာက “ငါတို့တော့ ပျက်စီးခြင်းမလှ ပျက်စီးရပါပြီ” တဲ့။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း ဒေသစာရီကြွချီနေတဲ့ ဘုရားရှင်နောက် တကောက်ကောက်လိုက်ကြတယ်။ သူများကမေးရင် ခပ်တည်တည်ပဲ ရွှီးတယ်။ “ဂေါတမလေ၊ တန်ခိုးပြိုင်မလို့ စိန်ခေါ်ထားတာ။ နောက်လေးလကျမှတဲ့ကွာ ဒါကြောင့် လိုက်နေရတာ” တဲ့။ တချို့လူတွေကတောင် စိတ်ဝင်စားလွန်းလို့ လိုက်ပါလိုက်ကြတာ လူတန်းကို တော်တော်ရှည်ဆိုပဲ။ ဒေသစာရီကြွချီရင်း သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ရှေ့ကို ရောက်လာပါတယ်။ သာဝတ္ထိရောက်တော့ တိတ္ထိတွေက သူတို့ကို ကိုးကွယ်တဲ့ ဒါယကာတွေဆီသွားပြီး ဘုရားရှင်နဲ့ တန်ခိုးပြိုင်မလို့ဆိုပြီး ငွေတွေ အလှူခံပါတော့တယ်။ ပြီးတော့ မဏ္ဍပ်ကိုယ်စီဆောက်တယ်။ ကိုယ့်ကိုယ်ကို ပန်းတွေနဲ့ အလှဆင်ပြီး ၀ါဆိုလပြည့်နေ့ကို စောင့်နေကြတယ်။ ဒါကို ကောသလမင်းက တိတ္ထိတွေ အကြောင်းလျှောက်ထားပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် တောင်းပါတယ်။
“မဏ္ဍပ်ဆောက်လှူမယ့် ဒါယကာ ရှိပြီးနေပြီ မင်းကြီး” ဆိုပြီး ဘုရားရှင်က ကောသလရဲ့ စကားကို ပယ်ပါတယ်။
“တပည့်တော်လောက် ဘယ်သူကများ စွမ်းနိုင်ဦးမလဲ ဘုရား”
“သိကြားမင်းစွမ်းနိုင်ပါသည် မင်းကြီး”
“အရှင်ဘုရား ဘယ်နေရာမှာ တန်ခိုးပြမလဲ ဘုရား”
“ကဏ္ဍသရက်ပင် (သရက်ဖြူပင်) အနီးမှာ တန်ခိုးပြပါမယ် မင်းကြီး”
တိတ္ထိတွေက နဂိုရ်ကတည်းက စီစဉ်ပြီးသား။ သာဝတ္ထိမြို့ပတ်ပတ်လည်ရှိ သရက်ဖြူပင်တွေ အကုန်လုံး အမြစ်ပါမကျန် ခုတ်ပြီးသား။ ဘယ်ရမလဲနော်။ တိတ္ထိလုပ်စားနေတာ ကလိန်ဉာဏ်ကတော့ မြင့်ပြီးသားပဲ။ ဒါပေမယ့် ဘုရားရှင်ရဲ့ အကြောင်းကို သူတို့ မသိလည်း မဟုတ်။ နောက်တစ်နေ့ ဘုရားရှင် မြို့ထဲ ဆွမ်းခံကြွတော့ သရက်ဥယျာဉ်မှူးတစ်ယောက်က ခုတ်လှဲထားတဲ့ သရက်ပင်တစ်ပင်မှာ ခါချဉ်အိမ်ဖွဲ့နေတဲ့ အကြားက သရက်သီးတစ်လုံးကို တွေ့ပါတယ်။ ပထမတော့ ဥယျာဉ်မှူးက ဘုရင်ကို ဆက်ကပ်မလို့ပါပဲ။ ဥယျာဉ်မှူးတွေးတာက “ဘုရင့်ကို ဆက်ကပ်လိုက်ရင် ဆုတော်ငွေတော့ရမှာ။ ဒါပေမယ့် အဲဒါက ဘာလုပ်မှာတုန်း။ ဘုရားကို လှူလိုက်ရင် သံသရာအကျိုးရမှာ” လို့တွေးပြီး ဘုရားရှင်ဆွမ်းခံကြွနေတာနဲ့ ဆုံလို့ ဘုရားရှင်ကို ကပ်လှူခဲ့ပါတယ်။ ဘုရားရှင်က အာနန္ဒာကို မျက်ရိပ်ပြလိုက်တော့ အာနန္ဒာက ဘုရားရှင် ထိုင်လိုတဲ့ အခြင်းအရာကို တွေ့တာနဲ့ နေရာခင်းပေးပါတယ်။ အဲဒီမှာပဲ သရက်သီးကို ဘုဉ်းပေးတော်မူပါတယ်။ ဥယျာဉ်မှူးကလည်း အတော်ဝမ်းသာစွာ ကြည့်ရှုနေပါတယ်။ ဘုရားရှင်က သရက်စေ့ကို ဥယျာဉ်မှူးကို ဒီနေရာမှာပဲ စိုက်လိုက်ပါ လို့ခိုင်းပါတယ်။ ပြီးတော့ အဲဒီမြေပေါ် လက်တော်ကို ဆေးချပါတယ်။
ကြည့်နေစဉ် ကြည့်နေစဉ်မှာပဲ သရက်ပင်ဟာ တဖြည်းဖြည်း ကြီးကြီးလာပါတယ်။ အပွင့်တွေပွင့်ပြီး အသီးတွေ သီးလာတယ်။ တစ်ပင်လုံးညွတ်မတတ် အသီးတွေက ရင့်မှည့်လာတယ်။ ဒီသတင်းကို ကောသလက ကြားတော့ မင်းချင်းယောင်္ကျားတွေ ချက်ချင်းလွတ်ပြီး မည်သူမှ မခုတ်မဖြတ်ရ “ပုံ-ကောသလမင်းကြီး” လို့သွားလုပ်ထားပါတော့တယ်။ ဘုရားရှင်က မိန့်တော်မူရာမှာ ကဏ္ဍသရက်ပင်လို့ မိန့်တော်မူခြင်းဖြစ်တယ်။ ကဏ္ဍဆိုတာ အဖြူပါ။ အဖြူဆိုတော့ တိတ္ထိတွေက သရက်ဖြူပင်လို့ ထင်သွားပါတယ်။ ဒါကြောင့် သရက်ဖြူပင် (ယခုအခေါ် မျောက်ခေါင်းသရက်ပင်) မှန်သမျှ လိုက်ခုတ်ထားခြင်းဖြစ်တယ်။ ဒါကို အကြောင်းပြုပြီး အရပ်ထဲက လူတွေက တိတ္ထိတွေကို အရှက်ခွဲကြတယ်။ “ခင်ဗျားတို့ ကဏ္ဍ(ဖြူသော)သရက်ပင် ကို လိုက်ဖျက်ကြတယ်။ ဂေါတမပြောတဲ့ ကဏ္ဍသရက်ပင်က ဥယျာဉ်မှူးကဏ္ဍစိုက်တဲ့ သရက်ပင်တဲ့ဗျား” ဆိုပြီး တိတ္ထိတွေကို သရက်စေ့တွေနဲ့ ပစ်ပေါက် ကျီစယ်ကြတယ်။
သိကြားမင်းက ကောင်းကင်ပေါ်ကနေ စောင့်ကြည့်နေပြီး လေနတ်သားကို တိတ္ထိတွေ ရှိတဲ့နေရာကို လေတိုက်ခိုင်းတယ်။ နောက် နေနတ်သားကို ပူလောင်စေတယ်။ နောက် လေနတ်သားကို လေဗွေထခိုင်းတယ်။ ပြီးတော့ မိုးနတ်သားကို မိုးသည်းထန်စွာ ရွာခိုင်းတယ်။ နေကပူ လေကတိုက် မိုးကရွာဆိုတော့ တိတ္ထိတွေ ပြင်ထားသမျှ ပျက်စီးကုန်တဲ့အပြင် ကြောက်ပြီး ထွက်ပြေးကြရပါတော့တယ်။ ပူရဏက ထွက်ပြေးနေတုန်း သူ့ကို ကြည်ညိုတဲ့ ဒါယကာနဲ့ လမ်းမှာတွေ့ပါတယ်။ အဲဒီတကာက ရေအိုးနဲ့ ကြိုးခွေကို ယူလာတယ်။ ပူရဏကို မြင်တော့ “တပည့်တော်က အရှင်ဘုရား တန်ခိုးပြမှာကို လာကြည့်တာ အရှင်ဘုရားက ဘယ်တုန်း” “ဘာတန်ခိုးတုန်း မသိဘူး၊ သွား၊ ပေး ရေအိုးနဲ့ ကြိုးခွေ” ဆိုပြီး ရေအိုးနဲ့ ကြိုးခွေကို ယူပြီး ထွက်ပြေးတယ်။ ပြီးတော့ ဂင်္ဂါမြစ်မှာ သူ့ကိုယ်သူ အဲဒါတွေနဲ့ အဆုံးစီရင်ပြီး အ၀ီစိကို ဆင်းသွားပါတယ်။
“အသိ အလိမ္မာ၊ ဉာဏ်ပညာတို့၊ လွန်စွာခေါင်းပါး၊ သူတို့အားလျှင်၊ ရှည်လျားဒုက္ခ၊ ရောက်သမျှပင်၊ ပညာ့တံခွန်၊ ဉာဏ်ရည်ချွန်သည့်၊ သူမွန်မြတ်ဖျား၊ ရှင်တို့အားမူ၊ တရားလက်ကိုင်၊ ကျေးဇူးလှိုင်၍၊ ဖြိုင်ဖြိုင်သုခ၊ ကောင်းကျိုးရသည်၊ လောကဓမ္မတာပါတကား”
အတော်လေး ရှည်နေလို့ ဒီလောက်နဲ့ အဆုံးသတ်ပါရစေ။ အကြောင်းသင့်ရင့် တိတ္ထိဆရာကြီးခြောက်ယောက်ရဲ့ သမိုင်းနဲ့ သူတို့ရဲ့ အယူဝါဒကို တင်ပြပေးသွားပါမယ်။ တစ်ဝက်တပျက်ဖြစ်နေတော့ မကြာမီ ဗုဒ္ဓဖြစ်စဉ် (၂၄) ကို တင်ပေးပါ့မယ်။
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://accounts.binance.com/zh-TC/register?ref=VDVEQ78S