ကြို့ပင်ကြီးတစ်ပင်အောက်မှာ ၀က်ဝံတစ်ကောင် အိပ်နေတယ်။ အဲဒီအချိန် လေက နည်းနည်းပြင်းသွားတယ်။ ကြို့ပင်က သစ်ကိုင်းခြောက်တစ်ကိုင်းဟာ မမျှော်လင့်ဘဲ ကျိုးပြီးတော့ ၀က်ဝံကိုယ်ပေါ် ကျသွားတယ်။ ၀က်ဝံက ဟိုဟိုဒီဒီ ထကြည့်တယ်။ ဘာမှ မတွေ့ရဘူး။
“တောက် ! ကြို့ပင်မှာ အိမ်လုပ်နေတဲ့ နတ်စုတ်၊ သူ့အပင်အောက်မှာ ငါအိပ်နေတာကို မနာလိုဘူးပေါ့လေ၊ သိကြရောပေါ့ကွာ” ဆိုပြီး ၀က်ဝံက အဲဒီနားတစ်ဝိုက်မှာပဲ နေနေတယ်။
သူမျှော်လင့်နေတဲ့တစ်နေ့ကို ရောက်လာတယ်။ လှည်းလုပ်ဖို့ သစ်ရှာနေတဲ့ လူနှစ်ယောက်က ဘယ်သစ်နဲ့ လှည်းလုပ်ရင် ပိုကောင်းမလဲလို့ တိုင်ပင်ပြီး တောထဲဝင်လာနေကြတယ်။
“အမောင်တို့ တောထဲ ဘာလာလုပ်တာလဲ”
ဝက်ဝံက ဆီးကြိုပြီးမေးလိုက်တော့ လူနှစ်ယောက်က ၀က်ဝံက စကားပြောတာဆိုတော့ လန့်သွားပြီးမှ အံ့အားသင့်ပြီး ဒါ အခါကောင်းကြုံတာနေမှာလို့ တွေးလိုက်ကြတယ်။
“လှည်း လုပ်ဖို့ သစ်လိုက်ရှာနေတာ”
“ဟာ လှည်းလုပ်ဖို့ဆိုရင် ကြို့သားက ကောင်းတယ်နော၊ လှည်းပဒေါင်းကောင်းကောင်း လှည်းဝင်ရိုးကောင်းကောင်း လိုချင်ရင် ကြို့သားသာယူသွားဗျို့ ကြို့သားက မျဉ်းတယ်”
“ဒါနဲ့ ကြို့ပင်က ဘယ်မှာတုန်း”
“ဟိုမှာလေ”
ဝက်ဝံ။ လုပ်ချလိုက်ပြီ။ လူနှစ်ယောက်က တိုင်ပင်တယ်။ ၀က်ဝံက လူစကားပြောပြီး ပြောတာဆိုတော့ ကြို့သားပဲ အကောင်းဆုံးနေမှာ ငါ့ကောင် ဆိုပြီး ကြို့ပင်ဆီ လျှောက်လာကြတယ်။ ရုက္ခစိုးကလည်း မနေနိုင်တော့ဘူး။ သူ့ အိမ်လေး ပျက်တော့မှာ။ သူဘာမှ မလုပ်ဘဲနဲ့ သူ့ကို ၀က်ဝံက အငြိုးဖွဲ့လိုက်ပြီ။ ရုက္ခစိုးလည်း ပုဏ္ဏားတစ်ယောက်ပုံစံ ဖန်ဆင်းပြီး အဲဒီလူနှစ်ယောက်ဆီ ချဉ်းကပ်တယ်။ ပြီးတော့ ဘာလုပ်ကြမလို့လဲ လို့မေးတယ်။ လူနှစ်ယောက်က လှည်းလုပ်ဖို့ ကြို့ပင်ကို ခုတ်မည့်အကြောင်းပြောတယ်။ ပုဏ္ဏားယောင်ဆောင်ထားတဲ့ ရုက္ခစိုးက လှည်းလုပ်ဖို့ဆိုတော့ သားရေကောရှိပြီလား လို့မေးတယ်။ ဟင့်အင်းပေါ့။ ရွာသားတွေက။
“ဟာ မင်းတို့ကွာ၊ လှည်းလုပ်တဲ့အခါ အကွပ်ကို ကောင်းကောင်းထိန်းနိုင်တာ ၀က်ဝံရေဗျ၊ ၀က်ဝံရေကသာ အကွပ်တွေ ကောင်းကောင်းထိန်းနိုင်တာ”
“ဟုတ်လား၊ ဒါပေမယ့် ၀က်ဝံရေက မလွယ်ဘူးလေ”
“ဟာ ခုနက ၀က်ဝံကို မင်းတို့ တွေ့သားနဲ့”
“၀က်ဝံကို သတ်လို့မလွယ်ဘူးထင်တယ်”
“လွယ်လွယ်လေးပါ၊ ကြို့ပင်ကို ဘယ်ကနေ ဘယ်လိုခုတ်ရမလဲလို့မေးပြီး သူပြတာနဲ့ သူ့လည်ပင်းကိုသာ ခုတ်ချလိုက်”
အဲဒီ ဇာတ်မှာ ဘုရားအလောင်းက အနီးရှိသစ်ပင်တစ်ပင်မှာ ရုက္ခစိုးနတ်ဖြစ်နေခဲ့ပါတယ်။ အချင်းချင်း အကြောင်းမဲ့ ရန်ငြိုးဖွဲ့ပြီး ပျက်စီးကုန်တာကို မြင်နေခဲ့ပါတယ် ဆိုတဲ့အကြောင်း ဘုရားရှင် ပထမဆုံးဟောတယ်။
နောက်ဇာတ်တစ်ခုက ယုန်တစ်ကောင် ထန်းလက်ပေါ်အိပ်နေတုန်း ဥသျှစ်သီးကြွေကျတော့ မြေပြိုပြီ ဆိုပြီး ထွက်ပြေး၊ ယုန်ကပြေးတော့ အခြားတိရစ္ဆာန်တွေလည်း လိုက်ပြေး။ အဲဒီတုန်းက ဘုရားလောင်းက ခြင်္သေ့မင်း။ ခြင်္သေ့က ယုန်ကို ဂုတ်ကဖမ်းပြီး မေးလိုက်တယ်။ ဘာလို့ ပြေးနေတာလဲ ဆိုတော့။ မြေပြိုလို့။ ဘယ်မှာတုန်း ဆိုတော့ ယုန်က အကြောင်းစုံရှင်းပြလိုက်တယ်။ ဒီတော့ ခြင်္သေ့က ဆင်ခြင်ကြည့်လိုက်တော့ ယုန်အကြောက်လွန် တာကို တွေ့ပြီး အခြားသတ္တ၀ါတွေကိုလည်း မကြောက်ဖို့ ပြောလိုက်တယ်။ နို့မို့ဆို သတ္တ၀ါတွေအားလုံး မပြိုတဲ့ မြေကို ပြိုတယ်မှတ်ပြီး ပင်လယ်ထဲ သေကုန်တော့မလို့။ အကျိုးအကြောင်း မစဉ်းစားဘဲ လုပ်ကြသမျှ ပျက်စီးမယ် ဆိုတဲ့ ဇာတ်တော်ကို ဘုရားရှင် ဟောပြန်တယ်။
အားဘယ်လောက်ကြီးကြီး ခန္ဓာကိုယ် ဘယ်လိုကြီးကြီး ဆင်ပြောင်ကြီးကိုလည်း ဘာမှ မဟုတ်တဲ့ ဘီလုံးငှက်ငယ်ကလည်း ရန်ငြိုးဖွဲ့သတ်နိုင်တဲ့အကြောင်းကို ထပ်မံဟောတယ်။ အဲဒီဇာတ်တော်ကို ကျွန်တော်တို့ ငယ်ငယ်က စာသင်ကျောင်းမှာ သင်ရတယ်။ ဘယ်နှတန်းမှာလည်းတော့ မမှတ်မိတော့ဘူး။ ကျွန်တော် သိသလောက်ကတော့ စာသင်ကျောင်းပြဋ္ဌာန်းစာထဲကို ဗုဒ္ဓဇာတ်တော်တွေ ထည့်တာ ဦးဖေမောင်တင်လို့ သိရပါတယ်။ သူ့ကို ခရိယာန်တို့ အစ္စလာမ်တို့က ဗုဒ္ဓဇာတ်တော်ကို မထည့်သင့်ကြောင်း ဗုဒ္ဓဘာသာသို့ ၀င်ရန် မြူစွယ်သည့် စာမျိုး မပြဋ္ဌာန်းသင့်ကြောင်း ကန့်ကွက်ကြတော့ ဦးဖေမောင်တင်က “ ဒီနိုင်ငံမှာနေပြီး ဒီလူမျိုးဖြစ်ရ ဒီလူတွေ ကိုးကွယ်တဲ့ဘာသာက စာပေကိုသင်ရတာဟာ သင်တို့ကံကောင်းတယ်မှတ်ပါ” ဆိုပြီး အတိုက်အခံလုပ် ပြဋ္ဌာန်းခဲ့ပါသတဲ့။ ခုတော့ ဖြုတ်ကုန်ပြီလား မသိဘူး။ ထားပါ။ ဇာတ်တော်ကို ဆက်ပါမယ်။
ဘီလုံးငှက်။ ဆင်သွားတဲ့လမ်းမှာ ဥတွေ အုထားမိတယ်။ ဥကလည်း မကြာခင် သားပေါက်လာတယ်။ အဲဒီအချိန်မှာပဲ ဆင်တွေ ဖြတ်လာတယ်။ ဘီလုံးငှက် အတောင်ပံကို လက်အုပ်ချီတဲ့ ပုံစံလုပ်ပြီး ဆင်သွားလမ်းမှာ ဆင်မြင်အောင် နေနေလိုက်ပြီး ဆင်ရောက်လာတာနဲ့ ပထမဆုံးဆင်မင်းကို တောင်းပန်လိုက်တယ်။ သူ့သားပေါက်လေးရှိတဲ့ အတွက် ကျော်သွားပေးပါဆိုတဲ့အကြောင်း။ ဆင်မင်းက အေးကွာ ဆိုပြီး ဘီလုံးငှက်ရဲ့ သားပေါက်ကို ခွထားပေးတယ်။ ဆင်အုပ်လွန်သွားတော့မှ ဘီလုံးငှက်ကို ပြောတယ်။
“နောက်မှာ အလွန်ဆိုးတဲ့ ဆင်တစ်ကောင်လည်း လိုက်လာနေတယ်၊ သူ့ကိုတော့ ငါလည်းမနိုင်ဘူး၊ မင်းပရိယာယ်နဲ့မင်း သူမနင်းအောင် လုပ်ပေတော့ကွာ” ဆိုပြီး ဆင်မင်းလည်းထွက်သွားပါတယ်။ သိပ်မကြာပါဘူး။ ဆင်ဆိုးကြီး ရောက်လာပါတယ်။ ဘီလုံးငှက်က ဘာတတ်နိုင်မှာလဲ။ ဒီတိုင်းပဲ တောင်းပန်တာပေါ့။
“အောင်မာ၊ မင်းက ငါ့ကို အမိန့်ပေးရတယ်လို့ ရှိသေးကွာ” ဆိုပြီး ဆင်ဆိုးကြီးဟာ ဘီလုံးငှက်ရဲ့ သားပေါက်လေးကို စိစိညက်ညက်ကြေအောင် သက်သက်မဲ့နင်းချေပြီးတော့ကို ထွက်သွားတယ်။
“ငါ့ကိုငယ်တယ်ဆိုပြီး မင်းက မလေးစားဘူးပေါ့၊ သိကြသေးတာပေါ့ ဆင်ယုတ်မာရယ်” ဆိုပြီး ဘီလုံးငှက်က ကြုံးဝါးတယ်။
“ဟား ဟား ဟား မင်းတို့ငှက်မျိုး တစ်သိန်းလာလည်း ငါ့ဘယ်ခြေတစ်ဖက်စာပဲ ရှိပါတယ်၊ လာစမ်းပါ” ဆိုပြီး ဆင်ဆိုးကြီးက ထွက်သွားပါတယ်။ အဲဒီနောက် ဘီလုံးငှက်ဟာ ကျီးကန်း၊ ယင်မမဲရိုင်းနှင့် ဖားကို တည့်အောင်ပေါင်းလိုက်တယ်။ ပြီးတော့ ဆင်ဆိုးကို ကျီးကန်းက မျက်လုံးဖောက်တယ်။ ယင်မမဲရိုင်းက မျက်လုံး အနာမှာ ယင်ဥ အုထည့်တယ်။ ဆင်ရေဆာချိန်မှာ ဖားက ချောက်ကမ်းပါးကနေ အော်တယ်။ ဆင်ကလည်း မျက်လုံးကကန်း၊ ရေကဆာတော့ ဖားရှိရာ ရေရှိမယ်မှတ်ပြီး လိုက်သွားတာ ချောက်ကမ်းပါးထဲ ကျသေသွားပါတယ်။ အဲဒီမှာ ရန်သူကို ငါအောင်နိုင်ပြီဆိုပြီး ဘီလုံးငှက်ဟာ ချောက်ကမ်းပါးစွန်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ ဒါကို ဘုရားလောင်း ဆင်မင်းက မြင်ပါတယ်။ ရန်ငြိုးဖွဲ့ကြပြီဆိုရင် ရန်သူက ဘယ်လိုပင်ဖြစ်နေပါစေ ကိုယ့်ကို သေအောင် ကြံစည်နိုင်ကြောင်း ဘုရားရှင်က ဇာတ်တော်ကို ဟောပါတယ်။
ဒီဇာတ်တော်သုံးခုက ရန်ငြိုးနဲ့ ပတ်သက်ပြီး ဘုရားရှင် ဟောတော်မူတဲ့ ဇာတ်ပါ။ ဘယ်သူ့ကို ဟောသလဲဆိုတော့ ဘုရားရှင်က သူ့ဆွေမျိုးတွေကို ဟောပါတယ်။ ဘာကြောင့်ဟောသလဲဆိုတော့ သူ့ဆွေမျိုးတွေ တစ်ဖက်နဲ့ တစ်ဖက် ခိုက်ရန်ဖြစ်တော့မှာမို့ပါ။ ဘာကြောင့် ခိုက်ရန်ဖြစ်ကြမလဲ ဆိုတော့ ရောဟဏီဆိုတဲ့ ရေချောင်းလေးလေ။ ခုထိ ရေက ဖမျက်လောက်ဘဲ စီးတယ်လို့ ကျွန်တော်တို့ရဲ့ ဆရာတစ်ပါးကတော့ ပြောဖူးတယ်။ အဲဒီ ရောဟဏီမြစ်က ရေကို လုကြတာ။
အရှင်ဉာဏိဿရရဲ့ နာမည်ကြီးတရားမို့ လူတိုင်း နာဖူးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကပိလ၀တ်သာကီဝင်နဲ့ ကောလိယသာကီဝင်တို့ ရေလုခန်းလေ။ ရေလုရင်း နှစ်ပြည်ထောင် တိုက်ခိုက်လုလုအထိ ဖြစ်သွားပြီး တိုက်ခိုက်ဖို့ အပြင်မှာ ဘုရားရှင် ကယ်လို့ ရ မရ ဆင်ခြင်ကြည့်တော့ ကယ်လို့ ရတာနဲ့ စစ်ကွင်းပြင်အလယ်ကနေ နီလရောင်ခြည်တော် ကနေစပြီး ရောင်ခြည်တော် ခြောက်သွယ်လွတ်ကာ တားဆီးခဲ့တယ်လေ။ ပြီးတော့ အထက်က ဇာတ်တော်တွေ ဟောပြီး နှစ်ဖက် စစ်ပြေငြိမ်းစေတာပေါ့။ အထက်ပါ ဇာတ်တွေက ရန်ငြိုးနဲ့ ပတ်သက်တဲ့ ဇာတ်ပါ။ ဘုရားရှင်က ပေါင်းစည်းခြင်း စည်းလုံးခြင်းနဲ့ ပတ်သက်ပြီး ဇာတ်တော်တွေကို ဆက်ဟောပါတယ်။ အဲဒါကတော့….
ရုက္ခဓမ္မဇာတ်နဲ့ ၀ဋ္ဋကဇာတ်ပါ။ ရုက္ခဓမ္မဇာတ်က ဝေဿ၀ဏ်နတ်မင်း အပြောင်းအလဲမှာ ရာထူးကျနတ်တွေကို သစ်ပင်တွေမှာ နေဖို့ ပြောလိုက်တယ်။ အဲဒီအချိန်က ဘုရားလောင်းကလည်း ရုက္ခစိုးဖြစ်နေချိန်ပါ။ ဘုရားလောင်း ရုက္ခစိုးက ပြောပါတယ်။ လွင်ထဲက သစ်ပင်တွေ တစ်ပင်တည်းပေါက်နေတဲ့ သစ်ပင်တွေမှာ သွားမနေကြနဲ့လို့။ တချို့နတ်တွေက လုံးဝနားမထောင်ဘူး။ လူသူမနီး တောကြီးထဲမှာငါတို့ ဘာအကျိုးရှိမှာလဲ။ လူနဲ့နီးတဲ့ တစ်ပင်တည်းပေါက်နေတဲ့ သစ်ပင်တွေမှာ သွားနေကြတယ်။ တစ်နေ့မုန်တိုင်းလည်း ကျရော အဲဒီသစ်ပင်တွေက အမြစ်ကပါ ပြုတ်ထွက်ကုန်ပါတယ်။ အဲဒီမှာနေတဲ့ နတ်တွေက သားတွဲလွဲ သမီးတွဲလွဲတွေနဲ့ ဘုရားလောင်း ရုက္ခစိုးဆီမှာ လာပြီး နေရာတောင်းရပါတယ်။ အဲဒီတုန်းက ဘုရားလောင်းက အချင်းချင်းညီညွတ်ခြင်းနဲ့ပတ်သက်တဲ့ တရားဟောခဲ့ပါသေးတယ်။
ဝဋ္ဋကဇာတ်ကတော့ ငုံးငှက်ရဲ့ဇာတ်ပါ။ ဒီနေရာမှာ ကျွန်တော် ကြားညှပ်ပြီး ပြောချင်ပါသေးတယ်။ ရန်ကုန်ဘက်ပိုင်းမှာ နာမည်ကြီးပါတဲ့ အထက်ပိုင်းက ဓမ္မကထိက တစ်ပါးဟာ တရားဟောလို့ရှိရင် ဘုရားလောင်းကို အထင်သေး အမြင်သေးစကားမျိုးနဲ့ တရားထဲ ထည့်ထည့်ဟောပါတယ်။ သူဟောပုံက ဒီလို “အဲဒီတုန်းက ဘုရားလောင်းက ငုံးပေါ့ဗျာ။ ငုံးဆိုတော့ ပြောလို့ ဆိုလို့ မကောင်းဘူး၊ ပြောလို့ ဆိုလို့ကောင်းအောင် ငုံးမင်းလို့ ထားလိုက်၊ ဘုရားလောင်းဆိုတာနဲ့ လူတွေက မင်းထည့်ထည့်ပြောလိုက်ကြတယ် ဘာမှန်းမသိဘူး” စသဖြင့် စသဖြင့် ဟောလေ့ ပြောလေ့ ရှိပါတယ်။ နောက်နောင် သူ့စကားနဲ့ သင့်လျှော်တဲ့ အမှားတွေကိုလည်း ဆက်လက်ပြောသွားပါမယ်။ ဒီမှာက ဒီလောက်ပဲ တိုက်ဆိုင်လို့ပါ။ ကျွန်တော်အဲဒီတရားကို နာရကတည်းက ပိုစ့်တစ်ခုရေးမလို့ပါ။ သို့သော် မန္တလေးဆရာတော်တစ်ပါးက ရန်ကုန် ကမ္ဘာအေးကိုခေါ်ပြီး ထိုအရှင်သူမြတ်ကို သတိပေးလိုက်ကြောင်းသိရတဲ့အတွက် ကျွန်တော် မရေးဖြစ်တော့တာပါ။
ထားပါတော့။ ဘုရားလောင်း ငုံးဘ၀ရောက်စဉ်ကာလက။ အဲ နောက်တစ်ခုက ဘုရားလောင်းဟာ အဟိတ်တိရစ္ဆာန်ဘ၀မှာဆိုရင် ဖြစ်တဲ့ တိရစ္ဆာန်အရ အုပ်ချုပ်ရသူဖြစ်တဲ့အပြင် အငယ်ဆုံး တိရစ္ဆာန်ဆိုရင်လည်း ငုံးဘ၀သာ ဖြစ်ရကြောင်းပါခင်ဗျ။ မုဆိုးတစ်ယောက်ဟာ ငုံးသံပေးပေးပြီး ငုံးတွေကို ပိုက်ကွန်နဲ့ ပစ်ပစ်ဖမ်းလေ့ရှိပါတယ်။ တစ်နေ့မက နှစ်နေ့မကဆိုတော့ ငုံးတွေ နည်းနည်းလာတယ်။ ဘုရားလောင်းငုံးမင်းက အောက်ငုံးငယ်လေး တွေကို စုရုံးစေပြီး တိုင်ပင်တယ်။ ငါတို့သာ တပြိုင်နက်ထပျံလိုက်ပြီး ပိုက်ကွန်ကို ဆူးချုံပေါ်ချ၊ ပြီးတော့ အဲဒီကနေ ပြန်ထွက်မယ်ဆိုရင် ငါတို့ လွတ်နိုင်တယ် လို့ တိုင်ပင်တယ်။ တိုင်ပင်တဲ့ အတိုင်းလည်း လုပ်တယ်။ မုဆိုးက ငှက်မရတော့ဘူး။ အိမ်က မယားက “ဘာလဲ တော်က ငွေလေးနည်းနည်းဝင်တာနဲ့ အငယ်အနှောင်းတွေ ထားပြီပေါ့လေ” ဆိုတော့ မုဆိုးက မဟုတ်ပါဘူးကွာ။ ငှက်တွေက ခုတလော တော်တော်ညီညွတ်နေကြတယ် ကွ။ အဲဒါကြောင့်… “မပူပါနဲ့ မိန်းမရယ် သူတို့ မညီညွတ်တဲ့တစ်နေ့ ငါ ငုံးတွေ ပြန်ရတဲ့ နေ့ပါ” လို့ သူ့မိန်းမကို ပြောပါတယ်။ သိပ်မကြာပါဘူး။ အဲဒီနေ့က ရောက်လာပါတယ်။ ငုံးတစ်ကောင်က အစာဆင်းကောက်တော့ ငုံးတစ်ကောင်ရဲ့ ခေါင်းကို နင်းမိတယ်။ အဲဒီကနေ စတော့တာပါပဲ။ “မင်းငါ့ကို သက်သက် စော်ကားတာ” “မဟုတ်ပါဘူးကွာ” “ဟုတ်တယ်” ဘာညာပေါ့ဗျာ။ “ဘာလဲ မင်းကြောင့် ပိုက်ကွန်တွေ မနိုင်တယ်လို့ ထင်နေလား” “အောင်မာ မင်းကြောင့်လည်း ပိုက်ကွန်မ,မနိုင်ပါဘူးကွ” ဒီအသံတွေကြားတော့ ဘုရားလောင်းငုံးမင်းက အခြားသော ငုံးမင်းကို ပြောပါတယ်။ ဒီမှာ မညီညွတ်မှုတွေ တွေ့ရတယ်။ ဒီတော့ ခဏနေရင် ပိုက်ကွန်ကို မ,မကြတော့ဘဲ သူနိုင်ငါနိုင် ငြင်းကြလိမ့်မယ်၊ အဲဒီအခါ ငါတို့ အဖမ်းခံရတော့မယ် ဒီတော့ အဖမ်းမခံချင်ရင် စားကျက်ပြောင်းကြဟေ့ ဆိုပြီး ဦးဆောင် ထပျံသွားတယ်။ လိမ္မာတဲ့ ငှက်တွေ လိုက်ပျံပါတယ်။ မလိမ္မာတဲ့ ငှက်တွေ ကျန်ခဲ့တယ်။
ဘုရားရှင်က ဇာတ်တော်ရဲ့ အဆုံးမှာ “အို မင်းတို့ ခိုက်ရန်ဖြစ်ခြင်းသာ ပျက်စီးခြင်း၏ အကြောင်းမျှသာတည်း” နိဂုံးချုပ်ပါတယ်။
ဗုဒ္ဓဖြစ်စဉ် အပိုင်း (၁၉) တော့ ဒီလောက်ပါပဲ။ အပိုင်း (၂၀) ကို ကျွန်တော် မကြာမီ တင်ပါ့မယ်။ ကျွန်တော့် အတွေးအခေါ်တွေ တစ်ချို့ပါဝင်လာတဲ့ အခါ အစွန်းရောက်သွား တာမျိုး ဖြစ်ပေါ်ခဲ့ရင် ဗုဒ္ဓရဲ့ ဓမ္မနဲ့ မကိုက်ညီခဲ့ရင် ကျွန်တော့်ကို လှမ်းသတိပေးနိုင်ပါတယ်။ တစ်နေ့တုန်း ကျွန်တော့် သူငယ်ချင်းအရင်းခေါက်ခေါက်က ကျွန်တော့်ကို ပြောပါတယ်။ “ဓမ္မပဒကို ဘုရားဟောဖြစ်ကြောင်း မင်းဘာသက်သေပြနိုင်လို့လဲ” တဲ့။ ဗုဒ္ဓဘာသာတွေ အားနည်းလာတဲ့အထဲ ဗုဒ္ဓဘာသာဝင်တွေကို အဲဒီလို ဘုရား ဘာမဟောပါဘူး။ ညာမဟောပါဘူး။ ဘုရားက ဘယ်လို ဘယ်ဝါလို့ အဖျက်တရားတွေ ဟောတဲ့ ၀ါဒရှင်တွေကို ရင်နာမိပါတယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?