ဘုရားရှင်ထံမှာ ရဟန်းဝတ်ကြပြီးနောက် ဘဒ္ဒိယမထေရ်ဟာ ပု, ဒိ, အာ ဆိုတဲ့ ဉာဏ်သုံးပါးကို ရတော်မူပါတယ်။ အနုရုဒ္ဓါက စကြာဝဠာတိုက်တစ်ထောင်ကို ကြည့်နိုင်တဲ့ ဉာဏ်ရတယ်။ ဘဂုမထေရ်နှင့် ကိမိလမထေရ်တို့က ရဟန္တာဖြစ်သွားတယ်။ အာနန္ဒာကတော့ သောတာပန်ပဲဖြစ်တယ်။ ဒေ၀ဒတ်ကျတော့ တန်ခိုးဣဒ္ဓိပါတ်ရိုးရိုးပဲ ရပါတယ်။ ဘာဉာဏ်မှ မရပါဘူး။
အဲဒီကြားထဲမှာ ဘုရားရှင်က ရာဟုလာကလေးကို ကလေးငယ်ဆိုတာ ယုတ္တိရှိရှိ မရှိရှိ သင့်သင့် မသင့်သင့် သူများစကားကို အလွယ်ယုံတတ်တယ်။ ဒါကြောင့် ဆုံးမစကားပြောထားမှ သင့်တော်မယ်လို့ ဆုံးဖြတ်ပြီး ဘုရားရှင်ဟာ ရာဟုလာကို “ချစ်သား… ရဟန်းတို့ ကိုရင်တို့ ဆိုတာ မဂ်ဖိုလ်နဲ့မပတ်သက်တဲ့ စကားမျိုးတွေ မပြောရဘူး”စတဲ့ သုတ်၊ မုသားစကားမပြောရန်အတွက် ဥပမာ၊ ပစ္စည်းဥစ္စာကို မတပ်မက်မိဖို့သုတ်၊ မိတ်ကောင်းဆွေကောင်း ရွေးပေါင်းဖို့သုတ်၊ ငါ့ရုပ်က ချောတယ်၊ ငါ့အသံက ကြည်တယ် ဆိုပြီး ကိုယ့်ခန္ဓာကိုယ်ကို တပ်မက်တဲ့ တဏှာမပေါ်ဖို့သုတ်စတဲ့သုတ္တန်တရားတော်တွေကို ဟောကြားပေးပါတယ်။
ဘုရားရှင် ရာဟုလာကို ပေးခဲ့တဲ့ ဥပမာလေးတစ်ချို့ကို ပြောပြပါ့မယ်။
သားတော် ရာဟုလာဟာ ပါရမီ ရင့်ကျက်နေသူမို့လား မသိဘူး။ အရမ်းကို လိမ္မာပါတယ်။ တစ်ညနေမှာ ရာဟုလာဟာ သရက်ပင်တစ်ပင်အောက်မှာ တရားထိုင်နေတယ်။ ဘုရားရှင်က သြ၀ါဒ ပေးဖို့ ကြွလာတော့ ရာဟုလာဟာ ဘုရားရှင်ကို ခြေဆေးရေခတ်ပေးတယ်။ ဘုရားရှင်က ရေခွက်ယူပြီး ခြေကို ရေဆေးတယ်။ ရေတစ်ဝက်ကျန်တော့ ရာဟုလာကို မေးတယ်။
“ရေခွက်ထဲ ရေကျန်နေတာ မြင်ပါသလား”
“မြင်ပါတယ် ဘုရား”
“အရှက်မရှိ သူတပါးကို လိမ်ညာပြောဆိုသူဟာ ရေခွက်ထဲကရေရှိနေသလိုပဲ ကိလေသာငြိမ်းအေးဖို့ အရမ်းနည်းတယ်”
နောက်တော့ ဘုရားရှင်ဟာ ရေကို အကုန်သွန်လိုက်တယ်။
“ရေကို သွန်လိုက်တာ မြင်လား”
“မြင်ပါတယ် ဘုရား”
“သူတပါးကို လိမ်ညာသူဟာ အခု ငါဘုရားရေကိုသွန်လိုက်သလို မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကို သွန်ပစ်လိုက်တာနဲ့တူတယ် ချစ်သား”
အဲဒီနောက်မှာ ဘုရားရှင်ဟာ ရေခွက်ကို မှောက်ထားလိုက်ပါတယ်။
“ရေခွက်ကို မှောက်လိုက်တာ မြင်ပါသလား”
“မြင်ပါတယ် ဘုရား”
“ဒီလိုပါပဲ ချစ်သား၊ အရှက်မရှိ သူတပါးကို လိမ်သူညာသူအတွက်တော့ ကိလေသာငြိမ်းဖို့ မှောက်ထားလိုက်တာနဲ့တူတယ်”
ဘုရားရှင်က ရေခွက်ကို ပက်လက်ပြန်ထားလိုက်တယ်။
“ချစ်သားရာဟုလာ၊ ရေခွက်ထဲမှာ ရေမရှိသည်ကို မြင်ပါသလား”
“မြင်ပါသည်ဘုရား”
“ချစ်သား ရာဟုလာ၊ သူများကို လိမ်ညာပြောဆိုဖို့ အရှက်မရှိသူဟာ ကိလေသာ ငြိမ်းကြောင်း ကောင်းမှု တစ်စက်ကလေးမှ မရှိတဲ့ ရေခွက်နဲ့တူတယ်” လို့ ဥပမာ ပေးတော်မူပါတယ်။
နောက် .. . .
“ ကိုယ်တစ်ခုခုကို ပြောတော့မယ် လုပ်တော့မယ် ကြံစည်တော့မယ်ဆိုရင် သူတပါး စိတ်ဆင်းရဲ ဖို့များဖြစ်နေမလား၊ ဒုက္ခပေးတာ သက်သက်များ ဖြစ်နေမလား လို့အရင်စဉ်းစားပါ။ သူတပါး စိတ်ဆင်းရဲဖို့ ဒုက္ခများဖို့ဆိုရင် ရှောင်ပါ၊ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ အပြောဟာ အကြံဟာ သူတပါး စိတ်ဆင်းရဲဖို့ ဒုက္ခရောက်ဖို့ ဖြစ်နေမလားလို့ လုပ်နေတုန်းမှာလည်း စဉ်းစားပါချစ်သားရာဟုလာ။
နှစ်ဦးသား အကုသိုလ်ပွားနေမယ့် အလုပ်မျိုးကို မလုပ်ပါနဲ့၊ သူရော ကိုယ်ပါ နစ်နာမယ့်အလုပ်မျိုးလည်း ရှောင်ကြဉ်ပါ။ မနက်စာ မစားမီ တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် တစ်ရက်သုံးကြိမ် ကိုယ်ပြုမိတဲ့ အလုပ်တွေကို ပြန်ဆင်ခြင်ပါ။ အကုသိုလ်ဖြစ်နေသလား၊ သူတပါးကို ထိခိုက်သွားလား၊ ကိုယ်ကျိုးမဲ့ဖြစ်နေသလား အမြဲတမ်းဆင်ခြင်ပါ ရာဟုလာ” စသဖြင့် သြ၀ါဒကို ပေးပါတယ်။
ဒီကြားထဲ အနာထပိဏ်သူဌေးက ဇေတ၀န်ကျောင်းကို ဆောက်လှူပါတယ်။ အဲဒီ ဇေတ၀န်ကျောင်းတော် ဖြစ်ပေါ်လာပုံလေးကို နည်းနည်းပြောမယ်လေ။
ဘုရားရှင်ဟာ ရာဇဂြိုဟ်မှာ သီတင်းသုံးနေတဲ့အချိန်မှာပါပဲ။ ရာဇဂြိုဟ်ကို အနာထပိဏ်ဆိုတဲ့ သူဌေး ကုန်ကူးလာတယ်။ အနာထပိဏ်သူဌေးနဲ့ ဘုရားရှင် သီတင်းသုံးနေတဲ့ ရာဇဂြိုဟ်သူဌေးဟာ မောင်လယ်နှမလယ်တွေ ဖြစ်လေတော့ အနာထပိဏ်လာတယ်လို့ ကြားရင် ရာဇဂြိုဟ်သူဌေးက အဝေးကြီးကနေ လာကြိုပါတယ်။ အဲဒီနေ့က လာမကြိုဘူး။ အနာထပိဏ်ကိုယ်တိုင်ကပဲ အိမ်ကို မရောက်ရောက်အောင် လာခဲ့တယ်။ အိမ်ရောက်တော့လည်း “အော်” လောက်သာ နှုတ်ခွန်းဆက်ပြီး ရာဇဂြိုဟ် သူဌေးကြီးကလေ ဘယ်သူက ဘယ်လိုလုပ် ဘယ်ဝါက ဘယ်လိုလုပ်နဲ့ နောက်တစ်နေ့မှာ ဧည့်ခံပွဲတစ်ခုလို ပွဲလမ်းဘဘင်တစ်ခုလို ပြင်နေတယ်။ အတော်လေးကြာမှ ပြီးတယ်။
ပြီးလည်းပြီးရော အနာထပိဏ် မနေနိုင်တော့ဘူး မေးရတော့တယ်။
“ဘာရှိလို့လဲ၊ ဘာလဲ ခင်ဗျားသားမင်္ဂလာဆောင်လား၊ သမီး မင်္ဂလာဆောင်လား”
“မဟုတ်ဘူးဗျ။ မနက်ဖြန် ဘုရားရှင်ကို ဆွမ်းကပ်ဖို့ ပြင်နေတာပါ”
ဘုရားရှင်လို့ အသံကြားလိုက်တာနဲ့ အနာထပိဏ်ဟာ ပီတိငါးမျိုးနဲ့ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွားပါတယ်။
“သူဌေးကြီး ၊ ခင်ဗျား ဘုရားရှင် လို့ ပြောလိုက်သလား”
“ဟုတ်ပါတယ်၊ ကျုပ် ဘုရားရှင် လို့ ပြောလိုက်ပါတယ်”
အနာထပိဏ် ဒီမေးခွန်းကို ထပ်ခါ ထပ်ခါ မေးမိတယ်။ ရာဇဂြိုဟ်သူဌေးလည်း ထပ်ခါထပ်ခါ ဖြေပေးတယ်။
“အရဟဂုဏ် သမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ ပြည့်စုံတဲ့ ဘုရားတကယ်ပွင့်ပြီပေါ့၊ ကျုပ်သွားဖူးချင်တယ်ဗျာ၊ ခင်ဗျား စီစဉ်ပေးနိုင်မလား”
“မိုးအရမ်းချုပ်နေပြီသူငယ်ချင်းရာ၊ ပြီးတော့ ဘုရားရှင်က သင်္ချိုင်းအလွန် တောရကျောင်းတစ်ခုမှာ သီတင်းသုံးနေတာ”
နက်ဖြန်မှပဲ ဆိုပြီးတော့ အဲဒီည သူတို့ အိပ်လိုက်ကြပါတယ်။ ဘုရားရှင် ဘုရားရှင် လို့ရွတ်ဆိုရင်း အနာထပိဏ် အိပ်ပျော်သွားပါတယ်။ တစ်ကိုယ်လုံး ဖုံးလွှမ်းနေတဲ့ ပီတိကြောင့် အနာထပိဏ်ကိုယ်ဟာ အရောင်တွေ ထွက်လာပါတယ်။ ပြီးတော့ ခဏခဏလည်းနိုးတယ်။ သူနိုးတိုင်း သူ့ကိုယ်ရောင်ကိုယ်ဝါကြောင့်
“ဟာ … မိုးလင်းပြီ၊ ငါ့ သတိဝီရိယကလည်း မကောင်းလိုက်တာ”
ဆိုပြီး ထထိုင်မိတယ်။ အပြင်ကြည့် လိုက်တော့ လသာနေတာကို တွေ့မှ အော် လသာနေတာကိုး လို့ဆိုပြီး ပြန်အိပ်တယ်။ ခဏခဏနိုးနိုးတော့ သန်းခေါင်ကျော်ကျော်မှာပဲ ကိုယ်မှာ ထွက်နေတဲ့ ကိုယ်ရောင် ကိုယ်ဝါနဲ့ မနက်လင်းပြီ ထင်ပြီးတော့ အိမ်ကနေ ထထွက်ခဲ့ပါတယ်။ အိမ်တံခါးတွေဟာ အလိုလိုပွင့်နေပါတယ်။
(အဲဒီလို တံခါးအလိုလို ပွင့်သူတစ်ယောက်ရှိပါသေးတယ်။ အကောင်းပွင့်တာတော့ မဟုတ်ပါဘူး။ ဘယ်သူလဲ သိလား။ သုပ္ပပုတ္တလေ။ ဒေ၀ဒတ်ရဲ့ အဖေလေ။ ဒေ၀ဒတ်မြေမြိုအပြီး သုပ္ပပုတ္တဟာ ဘုရားရှင်ကို မကျေနပ်ဘူး။ ဒါကြောင့် ဘုရားသွားလမ်းကို ပိတ်လိုက်တယ်။ အဲဒီကံနဲ့ပဲ ခုနှစ်ရက်အတွင်း မြေမြိုမယ် လို့ ဘုရားရှင်က အာနန္ဒာကို ပြောလိုက်တယ်။ ဒီစကားကို သုပ္ပပုတ္တကြားတော့ ဘာမှ မတတ်နိုင်ပါဘူး ဆိုပြီး ခုနှစ်ထပ်တိုက်ပေါ်တက်နေတယ်။ [ခုနှစ်ထပ်တိုက် ဆိုတာထက် ခုနှစ်ဆောင်တိုက်ခန်းဆိုရင် ပိုမှန်မယ် ထင်ပါတယ်ဗျာ။] တံခါးကို အထပ်ထပ် ပိတ်တယ်။ အစောင့်တွေ အထပ်ထပ်ချထားတယ်လေ။ ဒါပေမယ့် ခုနှစ်ရက်ပြည့်တဲ့နေ့မှာ သုပ္ပပုတ္တအတွက် တံခါးတွေ အလိုလိုပွင့်သွားပါတယ်။ အစောင့်တွေ ဘယ်လိုမှ မတားဆီးနိုင်ခင်မှာ သုပ္ပပုတ္တဟာ လည်ပင်းအထိ မြေမြိုခြင်း ခံလိုက်ရပြီလေ။)
အနာထပိဏ်ဟာ ညမှာ ကိုယ်က ထွက်တဲ့ အရောင်အ၀ါတွေနဲ့ ဘုရားရှင်က ဒီဘက်မှာ ရှိမှာပဲ ဆိုပြီး ထွက်သွားတယ်။ မြို့တံခါးကို မြို့စောင့်နတ်ဖြစ်တဲ့ နတ်ဘီလူးသိဝက က ဖွင့်ပေးထားတယ်။ ဒါပေမယ့်…. ရာဇဂြိုဟ်မြို့သူမြို့သားတွေက လူသေကောင်ကို မမြုပ်ပဲ ပစ်ထားတဲ့ ထုံးတမ်းစဉ်လာရှိခဲ့ပါတယ်။ မြို့ပြင် သင်္ချိုင်းနားရောက်တော့ အနာထပိဏ်ဟာ အလောင်းကောင် တစ်ကောင်ကို ကန်မိပါတယ်။ ဘာလဲလို့ ကြည့်လိုက်တော့ အလောင်းကောင်ဖြစ်နေတာကို တွေ့လိုက်တယ်။ ဘုရားရှင်အပေါ်ကြည်ညိုတဲ့ စိတ်ဟာ အဲဒီမှာ ချက်ချင်းပျောက်ပါတယ်။ အမှောင်ထဲမှာ တစ်ယောက်ထဲ လူသေအလောင်းနဲ့ အတူတူ ဆိုတော့ဗျာ။ အနာထပိဏ် ခမျာ ပြန်မယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ သိဝက က ရှေ့သို့သာသွားပါ သူဌေးကြီး လို့ ပြောပေးပါတယ်။
သီဝက က ပြောတာ မှတ်သားသင့်ပါတယ်။
“အဖိုးတစ်သိန်းထိုက်တဲ့ ဆင်တစ်သိန်း အဖိုးတစ်သိန်းထိုက်တဲ့ မြင်းတစ်သိန်း အဖိုးတစ်သိန်းထိုက်တဲ့ မင်းမြောက်တန်ဆာ တစ်သိန်းနဲ့ အတူ မင်းထိုက်စိုးတန် အမျိုးမှန်တဲ့ သတို့သမီး တစ်သိန်းကို ရယူဖို့ သွားတဲ့ ခြေလှမ်းတစ်သိန်း ထက် ဘုရားရှင်ဆီသွား ခြေတစ်လှမ်းက အဖိုးမဖြတ်နိုင်ပါဘူး။ သူဌေးကြီး ရှေ့ဆက်သွားပါ” တဲ့။
အဲဒီမှာ အနာထပိဏ်က အော် ငါ့နောက်မှာ ငါ့လူတွေ ပါလာတာကိုး လို့ မှတ်လိုက်ပြီး ရှေ့ဆက် သွားပါတယ်။ တစ်ခါမကဘူးဗျ။ ခွေးတွေက ဟောင် အလောင်းကောင်အနံ့က ဆိုးကိုး။ ဘုရားကို ကြည်ညိုတဲ့ စိတ် တစ်ကြိမ်ပျောက်တာနဲ့ ကိုယ်ရောင် တစ်ခါပျောက်တယ်။ ဒါပေမယ့် သီဝက ကနောက်က လိုက်ပြီး တိုက်တွန်းပေးပါတယ်။
ဘုရားရှင်ဆီရောက်ခါနီးမှ အနာထပိဏ် စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျွန်တော့် အရင့်အရင်ပိုစ့်တွေမှာ မကြာခဏပြောခဲ့ဖူးတဲ့ ပြဿနာပါ။ ဘုရားပွင့်မယ်လို့ ကောလဟလက ဘုရားမပွင့်ခင် အနှစ်တစ်ထောင်မှာကတည်းက ကြိုထွက် ထားလေတော့ သူသူငါငါ ဘုရားထလုပ်နေကြတဲ့ ခေတ်ကြီးကိုး။ အဲဒါကြောင့်လား မသိဘူး။ အဲဒီခေတ်မှာပဲ အဲဒီခေတ်ကို ခေတ်ပျက်ကြီးမှာ လို့ ပြောခဲ့ကြတယ်ဗျ။ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လို့ အဲဒီအချိန်နဲ့ တွက်လိုက်ရင် နှစ်ထောင့်ခြောက်ရာလို့ ပြောလို့ရတဲ့ အချိန်ပဲ။ ဒီခေတ်ကို ခေတ်ပျက်ကြီးလို့ ပြောကြတာ သိပ်မလွန်ပါဘူး။ ထားပါ။ သူသူ ငါငါ ဘုရားလုပ်နေကြတာကို အနာပိဏ်သိတယ်။ သိရမှာပေါ့။ ဘုရားဆိုတဲ့ လူတွေက သူတို့ကို လူတွေ ယုံကြည်အောင် သူဌေးတွေကို လိုက်ကပ်ထားတာကိုး။ ဒီခေတ်ဗေဒင်ဆရာတွေများ (ဒဲ့ မပြောချင်လို့) နာမည်ကျော်ရုပ်ရှင်မင်းသမီးကတောင် (ဒါလည်း ဒဲ့ မပြောချင်ဘူး) သူတို့ ဆီမှာ ဗေဒင်လာမေးရပါတယ်လို့ လက်မှတ်ထိုးခိုင်းသလိုပေါ့ဗျာ။ သူတို့လည်း လက်မှတ်ကောင်းလေးရမှ လူပိုကြည်ညိုမှာဆိုတော့ အနာထပိဏ်လို သူဌေးမျိုးကို ကပ်ထားကြတယ်။ ဒီတော့ ဘုရားတွေများစွာနဲ့ အနာထပိဏ် သိတယ်။ ဒီဘုရားလည်း အဲလိုမျိုးဘုရားများလားလို့ သံသယ ၀င်ပါတယ်။ အနာထပိဏ် ဆုံးဖြတ်ချက်တစ်ခုချတယ်။ “ဘုရားမှန်ခဲ့ရင် ဘယ်သူမှ မသိတဲ့ ငါ့ငယ်နာမည်ကို သိရမယ်” တဲ့။
ဘုရားက အနာထပိဏ်လာတာကို သိတဲ့အတွက် ကျောင်းအ၀င်ဝမှာ ကြိုနေပါတယ်။ စောစောစီးစီး ဘုရားက ဘာလို့ ထွက်ကြိုနိုင်တာလဲ လို့တော့ မေးဖို့ရှိတယ်။ ဘုရားရှင်ရဲ့ နိယာမ ငါးပါးကို သိရင်တော့ မေးမှာ မဟုတ်ပါဘူး။
အနာထပိဏ်ဟာ ဒီလိုနဲ့ ဘုရားရှင်ဆီရောက်သွားပါတယ်။
ဘုရားရှင်က
“လာပါ ချစ်သား သုဒတ္တ ”
လို့ ခေါ်လိုက်တယ်။ မိဘပေးခဲ့တဲ့ နာမည်ကို ခေါ်လိုက်တော့ အနာထပိဏ်လည်း ၀မ်းသာအားရဖြစ်ပြီး ဘုရားရှင် ခြေတော်ရင်းကို ၀ပ်တွားရှိခိုးတယ်။ ပြီးတော့ “ညတုန်းက အိပ်လို့ ကောင်းပါရဲ့လား ဘုရား” လို့ နှုတ်ဆက်တယ်။
“ရဟန္တာအရှင်မြတ်တို့ဆိုတာ ကိလေသာ ကင်းတော်မူတယ်၊ အပူကင်းဝေး ငြိမ်းအေးနေတဲ့ ရဟန္တာမှာ ကိလေသာ ၊ အဘိသင်္ခါရ၊ ကာမဂုဏ်စတဲ့ ထွေပြားစရာမရှိတဲ့အတွက် ညတိုင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ အိပ်ရပါတယ် ချစ်သား”
“ရဟန္တာအရှင်မြတ်တို့ဆိုတာ အာရုံငါးပါးကို ငြှိတွယ်လိုက်စားတတ်တဲ့ တဏှာကင်း ကြပါတယ်၊ တဏှာကင်းမဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့စိတ်သဏ္ဍာန်ဟာ အစဉ် ငြိမ်းချမ်းနေသဖြင့် ကောင်းမွန်စွာ အိပ်ရပါတယ်ချစ်သား”
လို့ဖြေတော်ပါတယ်။
ဆက်ပြီး တရားအနည်းငယ်ဆက်ဟော လိုက်တဲ့အခါ အနာထပိဏ်ဟာ သောတာပတ္တိဖိုလ်ကိုရပါတယ်။ နောက်တစ်ရက်မှာ သူ့ဆီကို ဆွမ်းစားကြွဖို့ ဖိတ်ခဲ့ပြီးး မိုးလင်းတော့ ပြန်ခဲ့တယ်။ ပြီးတော့ ရာဇဂြိုဟ်သူဌေးကို သူ ဘုရားရှင်ကို ဆွမ်းကပ်မယ် ဆိုတဲ့ အကြောင်း ပြန်ပြောတယ်။ ဒီစကားကိုကြားတော့ ရာဇဂြိုဟ်က သူဌေးတွေက သူကူညီမယ် ငါကူညီမယ်လုပ်ပေမယ့် အနာထပိဏ်က လက်မခံပါဘူး။ နောက်တစ်နေ့မှာ ဆွမ်းကပ်ပြီး သာဝတ္ထိကို ကြွာလာဖို့ ပင့်ဖိတ်ပြီး ရာဇဂြိုဟ်ကနေ ပြန်သွားပါတယ်။ ပြန်သွားတဲ့ လမ်းတစ်လျှောက်မှာ ခရီးတစ်ထောက်နားတိုင်း ဘုရားရှင် ကြွလာရင် နားဖို့ ကျောင်းတစ်ဆောင် ဆောက်လှူပြီးမှ ပြန်သွားပါတယ်။
သာဝတ္ထိရောက်တော့ ဘုရားရှင်အတွက် ကျောင်းတစ်ဆောင် ဆောက်လှူချင်တဲ့အတွက် ကျောင်းမြေနေရာရှာပါတော့ ဇေတမင်းသားရဲ့ ဥယျာဉ်ကို သွားတွေ့ပါတယ်။ ဇေတမင်းသားဆီရောက်တော့ ဇေတမင်းသားက ဘာပြောလဲဆိုတော့ ကျုပ်မြေကိုရွှေအတိခင်းပြီး ၀ယ်နိုင်ရင်တောင် မရောင်းဘူး တဲ့။ (ရွှေအတိခင်းနိုင်ရင် ရောင်းမယ်ဆိုတဲ့ သဘောကိုလည်း နည်းနည်း သက်ရောက်ပါတယ်) ဒီစကားကို အကျကောက်ပြီး အနာထပိဏ် တရားရင်ဆိုင်ပြီး မြေကို ၀ယ်လိုက်ပါတယ်။ မြေကို ရွှေတွေခင်းတော့ ရေကန်နေရာဆိုရင် ဘယ်လောက်ကျယ်လဲ တိုင်းတာပြီး တခြားနေရာမှာ ခင်းပါတယ်။ ကြာတော့ ဇေတမင်းသား မနေနိုင်တော့ဘူး။ သူလှူဖို့လည်း ထားဦး ဆိုပြီး မုဒ်ဦးနေရာမှာ ရွှေကို မခင်းခိုင်းဘဲ သူကိုယ်တိုင် မုဒ်ဦးဆောက်လှူပါတယ်။ (မှတ်ချက် ဤနေရာ၌ ဤသို့ ရွှေအတိခင်းပြီး ၀ယ်ယူရသော အလုပ်မှာ ဘုရား ၇ ဆူတိုင်တိုင် တစ်ထပ်တည်း ကျခဲ့သည်။) ကျောင်းဆောက်လို့အပြီးမှာ ဘုရားရှင် ဆီကို တမန်တော်လွတ်ပြီး ဘုရားကို ပင့်ခိုင်းပါတယ်။
သာဝတ္ထိကြွသွားရင် ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်ရှိနိုင်ပါမလား လို့ ကြည့်လိုက်တဲ့ အခါ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်များရှိတာကို မြင်တော်မူတဲ့အတွက် ဘုရားရှင် ဟာ နောက်ပါရဟန်းတွေနဲ့ ရာဇဂြိုဟ်ကနေ ကြွလာခဲ့ရင်း အနာထပိဏ် ဆောက်လှူခဲ့တဲ့ လမ်းခုလတ်မှာ တစ်ညစီသီတင်းသုံးပြီး ကြွလာခဲ့ပါတယ်။ လမ်းမှာ ဝေသာလီကို ဖြတ်လာခဲ့ပါသေးတယ်။ ဝေသာလီဖြတ်လာတော့ ဝေသာလီမှာရှိတဲ့ ရဟန်းတွေကို တရားဟောခဲ့ပါသေးတယ်။
အဲလို ဆက်ကြွာလာရာမှာ လက်ယာရံဖြစ်တဲ့ သာရိပုတ္တရာဟာ ငါ လက်ယာရံပဲဆိုပြီး ဘုရားဘေးကနေ လိုက်ကြွ မလာပါဘူး။ နောက်ဆုံးကနေ မမာကျန်းတဲ့ သက်ကြီးရွယ်အို ရဟန်းတွေကို ထိန်းသိမ်းစောင့်ရှောက်လာ ပါတယ်။ အဲဒီမှာ ဆဗဂ္ဂီရဟန်းတွေလည်း ပါလာပါတယ်။ ဆဗဂ္ဂီတွေက ရှေ့ဆုံးက သွားသွားပြီး နေရာကောင်းကို အရင် ဦးထားတတ်တယ်။ တစ်ညမှာ ရှင်သာရိပုတ္တရာအတွက် နေရာမရလို့ သစ်ပင်အောက်မှာပဲ ကျိန်းလိုက်ရတယ်။ ဒါကို ဘုရားရှင်သိသွားတယ်။ ဘုရားရှင်က ငါဘုရား သက်ရှိထင်ရှားရှိစဉ်နေ တုန်းမှာတောင်မှ ဒီလို ရဟန်းတွေ တစ်ပါးအပေါ် တစ်ပါး သက္ကစ္စတရားတွေ မရှိရင် ငါဘုရားမရှိတော့ရင် မလွယ်ဘူးလို့ ဆင်ခြင်တော်မူပြီး နောက်နေ့မှာ ရဟန်းတွေကို ခေါ်ပါတယ်။ ပြီးတော့ အဖြစ်အပျက်အမှန်ကို ဟုတ် မဟုတ် မေးတယ်။ မေးရခြင်းအကြောင်းကတော့ စကားလမ်းကြောင်းလိုလို့ သက်သေ လိုလို့ ဖြစ်ပါတယ်။ မေးပြီးတော့ မှန်ကြောင်းသိရတဲ့အခါ “ရဟန်းတို့ ဘယ်ရဟန်းက နေရာဦး ဆွမ်းဦးနဲ့ သင့်တော်မယ် ထင်ပါသလဲ” လို့ မေးတော်မူတယ်။ အဲလို မေးတဲ့အခါ တချို့က မင်းမျိုးရဟန်း၊ တချို့က ပုဏ္ဏားမျိုး ရဟန်း၊ တချို့က ၀ိနည်းဓိုရ်ရဟန်း တချို့က ဓမ္မကထိက ရဟန်း စသဖြင့် စုံနေအောင်ကို ဖြေကြပါတယ်။ ဘုရားရှင်က ထေရ်စဉ်ဝါလိုက်ရဟန်း သာလျှင် နေရာဦး ဆွမ်းဦးနဲ့ သင့်လျှော်ကြောင်း ဟောကြားတော်မူပါတယ်။ အဲဒီမှာ ဆင် မျောက် ခါ ဇာတ်လမ်းကို ဟောကြားပါတယ်။ အသက်ကြီးသူနှင့် ဂုဏ်ကြီးသူကို ရိုသရခြင်းအကျိုးကိုလည်း ဟောကြားပါတယ်။ အဲဒီနောက် ရဟန်းတို့ ရှိမခိုးအပ်တဲ့ ပုဂ္ဂိုလ်ဆယ်ယောက်နှင့် ရှိခိုးအပ်သူ သုံးယောက်ကိုလည်း ဟောကြားပါတယ်။ ဒီလိုနဲ့ ဘုရားရှင်ဟာ ဇေတ၀န်ကျောင်းတော်ဆီကို ရောက်သွားပါတယ်။ ဇေတ၀န်ကျောင်းလွတ် ရေစက်ချပွဲမှာ ဘုရားရှင်ကိုလာကြိုသူက မွေးဖွားစဉ်မှာ မုလေးပန်းမိုးရွာလို့ မုလေးပန်း လို့ခေါ်ခံရတဲ့ သုမနာ မင်းသမီးလာကြိုပါတယ်။ ဘုရားရှင်ကို အခြွေအရံ ငါးရာနဲ့ ကြိုဆိုတဲ့ မင်းသမီးသုံးယောက်ရှိပါတယ်။ သူတို့ကတော့ ဘ၀ါဘဝေက ဘုန်းကံပြည့်စုံလာတဲ့ သူများဖြစ်ပါတယ်။ စုန္ဒီမင်းသမီးရယ်၊ ၀ိသာခါရယ် ခု သုမနာရယ်ပဲဖြစ်ပါတယ်။ သုမနာတို့ မိန်းကလေးချည်း ငါးရာ မဟုတ်ပါဘူးခင်ဗျ။ သူဌေးသား ငါးရာလည်း ပါတယ်။ ကောသလမင်းရဲ့ အမိန့်နဲ့ပေါ့ခင်ဗျာ။
ကျောင်းရေစက်ချပွဲမှာ အနာထပိဏ်က ကျောင်းကို ဘယ်လို လှူရမလဲလို့ မေးတော့ ဘုရားရှင်က အရပ်လေးမျက်နှာက လာတဲ့ ရဟန်းတွေအတွက် ရည်စူးပြီး လှူဒါန်းခိုင်းလိုက်ပါတယ်။ ပြီးတော့ ကျောင်းလှူရကျိုးကို ဟောတော်မူ ပါတယ်။
ခုချိန်မှာ ကျောင်းဆောက်လှူဒါန်းသူတွေ များလာလေတော့ သူတို့လည်း ကောင်းကျိုးရအောင် ကျောင်းဆောက်လှူဒါန်းရကျိုးကို ရေးပေးလိုက်ပါတယ်။
လှူဒါန်းထားတဲ့ ကျောင်းမှာ နေတဲ့ ရဟန်းတွေ အအေးဒဏ်ကင်းဝေးသလို သင်တို့လည်း အအေးဒဏ်မှ ကင်းဝေးပါတယ်။ မီးပူဒဏ်ကိုလည်း ပယ်ဖျောက်နိုင်တယ်။ သားရဲ တိရစ္ဆာန်ဘေးမှလည်း ကင်းဝေးတယ်။ မြွေ ကင်း တို့ရန်မှ ကင်းဝေးတယ်။ သမာဓိကို ဖျက်ဆီးတတ်တဲ့ မှက်ခြင်ယင်တို့ ရန်မှ ကင်းဝေးတယ်။ မိုးကြောင့် လေကြောင့် ဖောက်ပြန်သော ရာသီဥတုကြောင့် အကျိုးမဲ့ မပျက်စီးဘူး။ စသဖြင့် ကျောင်းမှာ နေထိုင်တဲ့ ရဟန်းတွေ ရရှိတဲ့ ချမ်းသာမှုကို အကျိုးကို လှူဒါန်းသူများက ပြန်ရရှိပါတယ်။
နောက် လှူဒါန်းထားတဲ့ ကျောင်းမှာရှိတဲ့ ရဟန်းတွေက ဥတုဒဏ်မှ ကင်းဝေးခြင်း၊ လေဒဏ် နေဒဏ်မှ ကင်းဝေးခြင်း၊ အာရုံတပါး စိတ်မသွားပဲ တရားတော်၌ ပျော်မွေ့နိုင်ခြင်း၊ ၀ိပဿနာကို ငြိမ်းချမ်းစွာ စီဖြန်းနိုင်ခြင်း စသော အကျိုးများ ရတဲ့အတွက် ကျောင်းလှူတာ ဘုရားရှင်တိုင်း ချီးကျူးတော်မူတဲ့ လုပ်ရပ်ဖြစ်ပါတယ်လို့ ဟောတော်မူတဲ့ အပြင်
တတ်သိနားလည်သော သူများက မိမိဆောက်လှူထားသော ကျောင်းမှာ ဆယ်ဝါ ပြည့်တင်း ၀ိဘင်းနှစ်ဖြာ ကမ္မာ ကမ္မ ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောစွမ်းနိုင် ကျောင်းထိုင် ငါး အင်္ဂါ စတဲ့ အင်္ဂါငါးပါးနှင့် ပြည့်စုံတဲ့ ရဟန်းတွေကို ပင့်ထားကြတယ်။ ပိုပြီးတော့ ကုသိုလ်ရအောင်လို့ပေါ့။ ကျောင်းနေရဟန်းရှိတဲ့ အတွက် အခြားသူများက ဒါနကို အလွယ်ပြုလို့ရတယ်။ သီလကို အလွယ်ဆောက်တည်လို့ရတယ်။ ကံ ကံ၏အကျိုးကို စသည့်တရားတော်ကို အလွယ်တကူ နာကြားလို့ရတယ်။ အဲဒီလို ပတ်ဝန်းကျင်က အကျိုးများစွာကို အလွယ်တကူနဲ့ ရနိုင် ပြည့်စုံနိုင်တဲ့အတွက် ကျောင်းဆောက်လှူဒါန်းသူဟာ လွယ်ကူစွာ နိဗ္ဗာန်ကိုရနိုင်ပါတယ်။ (တရားကျင့်ရင် ပြောတာဗျနော်။) ကျောင်းရေ စက်ချက်ပွဲဟာ ကိုးလကြာမြင့်ခဲ့ပါတယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.com/ru-UA/register-person?ref=OMM3XK51
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.