များသောအားဖြင့် ရဟန္တာတို့ ဆိုတာမျိုးက လူ့အဖြစ်တွေ လောကီရေးရာတွေကို လုံးဝလစ်လျှူရှုတတ်ပါတယ်။ ဒါကြောင့် ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနက သူ့သားဘုရားရှင်ကို ပင့်ခိုင်းလိုက်တဲ့ ကိစ္စမှာ မူးမတ်ပေါင်း ၉၀၀၉ ယောက်ဟာ ရဟန်းပေါင်း ၉၀၀၉ ပါးသာဖြစ်သွားတယ်။ သူ့သား ဘုရားကိုတော့ဖြင့် တစ်ပါးမှ မလျှောက်ကြပါဘူး။ အရဟတ္ထဖိုလ်ကို ရပြီဆိုရင် လောကီကိစ္စကို လုံးဝလစ်လျှူရှုပစ်လိုက်ပါတော့တယ်။ (ဒီနေရာမှာ စကားတစ်ခုပြောချင်တာက မိမိကိုယ်ကို ရဟန္တာဟု ၀န်ခံသူများပြီး လောကီရေးရာဝင်ပါနေရင် ရဟန္တာ မဟုတ်ဘူး လို့ သတ်မှတ်နိုင်တယ်။ သို့သော် ရဟန်းတစ်ပါးက ကျူးလွန်တဲ့ အပြစ်ကို ရဟန်းချင်းချင်းဆိုရင် မြင်ခြင်း ကြားခြင်း ယုံမှားခြင်းတွေနဲ့တော့ ဘယ်ရဟန်းမှ မစွပ်စွဲရဲပါဘူး။ မိမိကြောင့် သာသနာ့ဘောင်မှာ ရဟန်းတစ်ပါးလျော့သွားလို့ရှိခဲ့ရင် ထိုရဟန်းဝတ်ထားသော သင်္ကန်းအရှိန်ကြောင့် ဤလောကတွင် ရဟန်းရှိပါသေးသလား ဟုလူများတွေ့မြင်ပြီး ကုသိုလ်ရသူ တစ်ယောက်နည်းသွားရင် ထိုလူရသင့်သည့် ကုသိုလ်အစား ရသွားသည့် အကုသိုလ်အတိုင်းအတာအရ ထိုလူထွက်ခိုင်းသော ရဟန်းအားလည်း အပြစ်သင့်ရောက်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဘုရားရှင်က ရဟန်းနဲ့ပတ်သက်ရင် မြွေပွေးကိုကိုင်တွယ်သလို သတိထားခိုင်းလေ့ရှိပါတယ်။ စကားချပ်အဖြစ်ပါ။)
မရတဲ့ အဆုံးမှာ သုဒ္ဓေါဒနက စဉ်းစားတယ်။ ငါ့ကိုချစ်တဲ့သူ ငါ့စကားကို နားထောင်မယ့်သူများ ဘယ်သူရှိမလဲပေါ့။ နောက်ဆုံး ဘုရားရှင်ရဲ့ ဖွားဖက်တော် ငယ်ငယ်တုန်းက ကစားဖော် ကစားဖက် ကာဠုဒါယီကို သွားတွေ့တယ်။ ကာဠုဒါယီက သူလိုချင်တဲ့ ဆုလာဒ်ရမှ ပင့်ပေးမယ်တဲ့…။ သုဒ္ဓေါဒနကလည်း သားဇောနဲ့ တောင်းစေဆိုတော့ သူ့ကို ဘုရားရှင်ဆီမှာ ရဟန်းဝတ်ခွင့်ပြုပါတဲ့..။ ဟေ့ ကာဠုဒါယီ မင်းဘာသာမင်း ရဟန်းဝတ်ချင်ဝတ် မ၀တ်ချင်နေ ငါ့သားကိုတော့ ရအောင်ပင့်ခဲ့ဟေ့…ဆိုပြီး ကာဠုဒါယီကိုလွတ်လိုက်တယ်။ တပေါင်းလဆန်း (၇) ရက်နေ့လောက် ကာဠုဒါယီ ဘုရားရှင်ဆီရောက်သွားတယ်။ သူလည်း ရှေ့က ရဟန်းဖြစ်သွားတဲ့ အမတ်တွေရောက်ချိန်ရောက်တာပဲ။ ဘယ်အချိန်လည်းဆိုတော့ ဘုရားရှင် တရားဟောနေတဲ့အချိန်။ တရားနာလိုက်တော့ ရဟန္တာဖြစ်သွားပါတယ်။ တရားအဆုံးမှာ ရဟန်းဝတ်ခွင့်တောင်းတယ်။ ဧထ ဘိက္ခဝေါ ဆိုတော့ အားလုံး ရဟန်းဖြစ်သွားတယ်။
တပေါင်းလပြည့်နေ့မှာ ကာဠုဒါယီ စဉ်းစားတယ်။ အင်း ဒီအချိန်ဆို တောင်သူတွေ ကောက်သိမ်းပြီးချိန်ပဲ။ ကောက်တွေ သိမ်းပြီးပြီဆိုတော့ လမ်းတွေ ဖွင့်ပေးပြီ။ ဒီအချိန် ဘုရားရှင်ကို ပင့်ရင် အကောင်းဆုံးအချိန်ပဲဆိုပြီး ဂါထာပေါင်းခြောက်ဆယ့်လေးဂါထာနဲ့ ဘုရားရှင်ကို ကပိလ၀တ်ပြည်ကြွမယ်ဆိုရင် ရာသီဥတုတွေ ဘယ်လိုသာယာတာကို တွေ့ရမယ်ဆိုတဲ့အကြောင်းလျှောက် လိုက်ပါတယ်။ ဘုရားရှင်က ဘာလို့ ငါ့ကို ကပိလ၀တ်ပြည်ကြွစေချင်နေတာတုန်း ကာဠုဒါယီရဲ့ ဆိုတော့မှ အရှင်ဘုရားရဲ့ ဖခမည်းတော် အရှင်ဘုရားကို စောင့်မျှော်နေပါတယ် ဘုရားလို့လျှောက်ပါတယ်။ အဲအချိန်မှာ ရဟန်းပေါင်း နှစ်သောင်းလောက် ဖြစ်သွားပါပြီ…။ ဘုရားရှင်ဟာ ရဟန္တာနှစ်သောင်းနဲ့ ကပိလ၀တ်ပြည်ကို ခြေလျင်ကြွတော်မူပါတယ်။ တစ်ရက်တစ်ယူဇနာနှုန်းနဲ့ သွားခဲ့ပါတယ်။ နှစ်လကြာတော့ ကပိလ၀တ်ကိုရောက်ပါတယ်။
အဲလို ကပိလ၀တ်ပြည်ကို ကြွနေစဉ်ကာလအတွင်းမှာ ကာဠုဒါယီဟာ ဘုရားရှင် ဘယ်နေရာရောက်နေပါပြီ ဆိုပြီးမင်းကြီးဆီ ဆွမ်းခံရင်း ဆွမ်းကို ဘုရားရှင်ကို ကပ်ရင်း ခရီးဆက်ခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်က ကာဠုဒါယီကို ငါ့ဆွေမျိုးတွေ ငါဘုရားရှင်ကိုကြည်ညိုအောင် စွမ်းဆောင်ရာမှာ အတော်ဆုံးဘွဲ့ကို ပေးအပ်ပါတယ်။ ဘုရားရှင် က တပေါင်းလပြည့်ကျော်တစ်ရက်မှ ခရီးထွက်ခဲ့တာဖြစ်လို့ ၁၀၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှာ ကပိလ၀တ်ကို ရောက်ရှိပါတယ်။
ဇာတိမာန်တွေသိပ်ခက်ထန်နေတဲ့ သာကီဝင်တွေဟာ တူအရွယ် သားအရွယ် ညီအရွယ်ကို ရှိမခိုးနိုင်လို့ ဘုရားရှင်ကို ပင့်တဲ့အခမ်းအနားမှာ မြို့ထဲက ကလေးတွေကို ရှေ့ကနေခိုင်း၊ ပြီးတော့ နန်းတွင်းထဲက ကလေးကို အဲဒီနောက်ကနေခိုင်း ၊ အဲဒီနောက်မှ သူတို့နေပြီး ပန်းနံ့သာကို ပက်ကျဲပြီး ကြိုဆိုပါတယ်။ ဒီမာနအိုးလေးတွေက ငါဘုရားဆိုတာ ဘယ်လိုမျိုးဆိုတာကို မသိကြသေးပဲကိုး ဆိုပြီး ရေမီးအစုံတန်းခိုးပြလိုက်ပါတယ်။
အဲဒီမှာ သုဒ္ဓေါဒနဟာ ဘုရားရှင်ကို ရှိခိုးလိုက်ပါတော့တယ်။ ကိုယ့်သားကို ကိုယ်ပြန်ရှိခိုးတဲ့ တတိယအကြိမ်မြောက်ရှိခိုးခြင်းလည်းဖြစ်ပါတယ်။
ဘုရားရှင်က ကောင်းကင်ပေါ်မှာ ရတနာစင်္ကြံကြီးဖန်ဆင်းလိုက်ပါတယ်။ အဲတော့မှ ဘုရားရှင်ဟာ ကိုယ့်ဆွေမျိုးကို ကိုယ်ပြန်စောင့်ရှောက်ပေသားပဲဆိုပြီး အကုန်လုံးရှိခိုးကြပါတယ်။ သိကြား ဗြဟ္မာတွေ တော်တော်များများလည်းလာပါတယ်။ အဲဒီတရားပွဲကို။ သိကြားမင်းက သူ့ပြည်မှာ သူလူ့ဘ၀တုန်းက လူတွေနားနေဖို့အတွက် ကသစ်ပင်ကို စိုက်ပျိုးခဲ့တဲ့ ကောင်းမှုကြောင့် တာဝတိံသာအပြင်ဘက်ယူဇနာတစ်သောင်းအထိမွှေးမြတဲ့ ကသစ်ပန်းတွေနဲ့လည်း လာပူဇော်ပါသေးတယ်။ (မန္တလေးမြို့တစ်မြို့လုံး သစ်ပင်စိုက်သွားတဲ့ ပုဂ္ဂိုလ်ကို အားကျစရာပဲနော၊ သူ့နာမည်ကိုတော့ မေ့နေတယ်။ သိရင်ပြောပြပါဦး။ လူထုဒေါ်အမာစာအုပ်တွေမှာ သူ့နာမည်ပါပါတတ်တယ်။)
အရှင်သာရိပုတ္တရာလည်းရောက်လာပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားရှင်က ရေမီးအစုံ တန်ခိုးပြဋိဟာပြပြီးပြီလေ။ လူတွေသံသယလုံးဝရှင်းသွားအောင် သာရပုတ္တရာက ဘုရားရှင်ကို အတိတ်ကျင့်စဉ်ကို မေးလျှောက်တော့မယ်လေ။ တကယ်တမ်း အရှင်သာရိပုတ္တရာသိပါတယ်။ နောင် သူက ဘုရားရှင်ရဲ့ အတိတ်ဖြစ်ရပ်ကို ဟောကြားတဲ့အခါ လူတွေ သံသယ၀င်မှာစိုးလို့ လောလောဆယ် ဒီလူတွေလည်း သိဖို့လိုအပ်နေမှန်းသိလို့ လာမေးတာ..။ ဘုရားရှင် ကောင်းကင်မှာ ရှိနေဆဲမှာပဲ လာမေးပါတယ်။ အရှင်မောဂ္ဂလာန်လည်း ကောင်းကင်မှာပဲ နေနေပါတယ်။ ဘုရားရှင်က တန်ခိုးတွေပြပြီးတော့ အသင်္ချေယျလေးပါးကို ဟောတော်မူပါတယ်။
အသင်္ချေလေးပါးကတော့
၁။ သတ္တ၀ါအပေါင်းဟာလည်း အဆုံးအပိုင်းအခြားမရှိ။
၂။ ကောင်းကင်သည်လည်း အဆုံးအပိုင်းအခြားမရှိ။
၃။ စင်္ကြ၀ဠာတိုက်တို့သည်လည်း အဆုံးအပိုင်းအခြားမရှိ။
၎။ သဗ္ဗညုတဉာဏ်တော်သည်လည်း အဆုံးအပိုင်းအခြားမရှိ…လို့ဖြစ်ပါတယ်။
အဲဒီထက်ထူးတဲ့တရားတွေရှိပါသေးတယ်ဆိုပြီး ဘုရားရှင်ဟာ ဗုဒ္ဓဖြစ်စဉ်ကို ဟောပါတယ်။ (တရားက ရှည်လွန်းလို့ ချန်ထားခဲ့မယ်) အကျဉ်းကတော့ တုသိတာ နတ်ပြည်မှာနေစဉ် နတ်သားတွေတောင်းပန်ခန်းကနေစပါတယ်။ အဲမှာ ပါရမီ ဆယ်ပါး နှင့် ပါရမီစုစုပေါင်းသုံးဆယ်ကို ဟောတော်မူပါတယ်။ပါရမီတစ်ခုချင်းစီကိုလည်း အရှင်သာရိပုတ္တရာက မေးလျှောက်ခဲ့ပါတယ်။ တလောတုန်းက အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)က ပါရမီ ၁၀ ပါးနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ထုတ်ထားပါသေးတယ်။ ဒါပေမယ့် သူ့စာအုပ်မှာ ပါရမီ သုံးဆယ်အကြောင်းမပါလို့ ကျွန်တော်ကပဲ ရှင်းပြလိုက်ပါမယ်။ (၁၀) အကျယ်ကို သိချင်ရင်တော့ သူ့စာအုပ်ဝယ်ဖတ်ပေါ့။
ပထမဦးဆုံးပါရမီက ဒါနပါရမီ ဖြစ်ပါတယ်။
သာမာန်ပစ္စည်းဥစ္စာကိုလှူတာဟာ (ရိုးရိုး)ဒါနပါရမီဖြစ်ပါတယ်။
အင်္ဂါကြီးငယ်ကိုလှူတာဟာ ဒါနဥပပါရမီဖြစ်ပါတယ်။
အသက်ကိုလှူတာကတော့ ဒါနပရမတ္ထပါရမီဖြစ်ပါတယ်။ အဲလို တစ်ပါး တစ်ပါးမှာ သုံးပါးစီပွားသွားလို့ ပါရမီသုံးဆယ်ဖြစ်ရပါတယ်။
ဗုဒ္ဓ၀င်အဆုံးမှာ
“မာန်မူခြင်းအမျိုးမျိုးကို ပယ်ချိုးနှိမ်နင်းတတ် စိတ်ပူပန်ခြင်း သောကအမျိုးမျိုးကို ပယ်ဖျောက်တတ် သံသရာဝဋ်မှ လွတ်စေတတ် ဒုက္ခခပ်သိမ်းမှ ကုန်ငြိမ်းတတ်သော ငါဘုရားဟောကြားခဲ့သော လမ်းကောင်းလမ်းမှန်ဖြစ်သည့် ပဋိပတ်ကျင့်စဉ်ကို ကြိုးကုတ်ကြကုန်လော ဆိုပြီး တရားကို အဆုံးသတ်လိုက်ပါတယ်။