ကျွန်တော် တရားထိုင်ခြင်းနဲ့ပတ်သက်ပြီး ရေးတဲ့အခါ သညာသိနဲ့ ရေးတာမို့လို့ အမှားပါခဲ့ရင် ထပ်မံပြင်ပေးကြပါဦးလို့ ကြိုပြီး ပြောလိုက်ပါရစေ။ ဒါပေမယ့် တကယ်ပဲ တရားမထိုင်ဖူးဘဲ သညာသိနဲ့သိတာမို့လို့ ကိလေသာ ၁၀ ပါးက ကျွန်တော့ကို တင်းပြည့်ကျမ်းပြည့် နှိပ်စက်နေပါတယ်။ အဲဒီအခါ ကျွန်တော် ပြန်ပြောတာ ဒေါသသံတွေ ပါနေပါလိမ့်မယ်။ အဲဒါကလည်း မာနဆိုတဲ့ ကိလေသာက ခေါင်းထထထောင်နေလို့ပါ။ မောဟရဲ့ နှိပ်ကွပ်မှုအောက်က မလွတ်မြောက်သေးတဲ့ သင်္ကေတတွေပေါ့။ အတ္တကို တဏှာ၊ မာနနဲ့ ဒိဋ္ဌိက တင်းတင်းကြပ်ကြပ်ဖက်ထားခြင်း ခံရတယ်လေ။
သီလ မစင်ကြယ် စိတ်မစင်ကြယ်ရင် တရားမထိုင်သင့်သလို ကျွန်တော် ရေးလိုက်တယ်။ ဒီနေရာမှာ ကျွန်တော်က ကျွန်တော့်အပိုင်းကို ထည့်ပြောလိုက်သလိုဖြစ်သွားပါတယ်။ တရားထိုင်တယ် ဆိုတာ ခုဘ၀မှာ မဂ်ဖိုလ် မပေါက်နိုင်လည်း အထုံရနိုင်သလို ခေတ္တငြိမ်းချမ်းခွင့်လည်းရပါတယ်။ ဓမ္မပဒမှာ စူဠပန္ထကဟာ သံသရာတစ်ကွေ့မှာ ရဟန်းတစ်ပါးကို ကဲ့ရဲ့ဖူးလို့ ဒီဘ၀မှာ စာလေးလေးကြောင်း ကျက်တာကို မရလောက်အောင် ဉာဏ်ထိုင်းပါတယ်။ ဒါပေမယ့် ဘုရင်ဖြစ်ဖူးတဲ့ ဘ၀တစ်ခုမှာ နဖူးပေါ်ကျလာတဲ့ ချွေးကို ပုဝါအဖြူနဲ့ သုတ်လိုက်တော့ ပုဝါမည်းညစ်သွားတာကို ကြည့်ရင်း အော် အရာအားလုံးဟာ မမြဲပါလားလို့ သံဝေဂ ပြင်းပြင်းထန်ထန်ရဖူးတဲ့ အထုံနဲ့ ဒီဘ၀မှာ ဘုရားရှင် ဖန်ဆင်းပေးထားတဲ့ လက်ကိုင်ပုဝါကို ပွတ်ချေရင်း မဂ်ဖိုလ်ရခဲ့သူဖြစ်ပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် တရားထိုင်သင့်ပါတယ်။ အထုံလေး ဖြစ်အောင်ပေါ့ဗျာ။ စိတ်ကလေး ခေတ္တငြိမ်းချမ်းအောင်ပေါ့။ ဒါပေမယ့် တရားမထိုင်ခင်လေး ဘာလို နေထိုင်သင့်သလဲ ဆိုတာလေး သိထားရင် ပိုကောင်းတာပေါ့။
ကဲ တရားထိုင်မည့်သူရဲ့ တရားမထိုင်ခင် ဘယ်လို ကြိုတင်ပြင်ဆင်ထားသင့်လဲ။ အခြေခံ ကောင်းအောင် ဘယ်လို လုပ်ရမလဲ။ အချက် ၁၄ ချက်နဲ့ ပြောရမယ်။ အချက် ၁၄ ချက်ဆိုတာနဲ့ကို စိတ်မ၀င်စားတော့ပါဘူး။ ကျွန်တော်ဆို အချက် အလက်တွေနဲ့ ဆိုရင် ခေါင်းကို ငြီးစီစီကို ဖြစ်ရော။ ဘာဖြစ်လို့လည်းဆိုတော့ အချက်အလက်တွေနဲ့ ပြောတာတို့က တကယ် မျက်စိရှုပ်စရာ သိပ်ကောင်းလို့ပါပဲ။ ဒါပေမယ့် နည်းနည်းတော့ စိတ်ဝင်စားမလား မသိဘူး။ ကျွန်တော်ပြောမယ့် ၁၄ ချက်က ဘုန်းကြီးတွေ ရွတ်ရွတ်နေတဲ့ မေတ္တသုတ်ဖြစ်လို့။ မေတ္တသုတ် စတင်ရာကိုတော့ အားလုံးသိပြီးသား ဖြစ်နေပါပြီ။ တောအုပ်တစ်ခုမှာ ရဟန်းငါးရာ တရားလာထိုင်တော့ နတ်တွေ နေစရာမရှိတာနဲ့ ခြောက်လွတ်တာလေ။ ခြောက်လွတ်လို့ တရားထိုင်လို့ မရတာနဲ့ ဇေတ၀န်ကျောင်းကို ပြန်ပြီး ဘုရားကို ပြန်လျှောက်ခဲ့ကြတယ်။ ဘုရားက ကျောင်းကနေ ထွက်ကတည်းက တောအုပ်ထဲရောက်တဲ့အထိ မေတ္တသုတ် ရွတ်ရင်း လမ်းလျှောက် သွားခိုင်းခဲ့တဲ့ အဖြစ်လေးပေါ့။ အဲဒီ မေတ္တသုတ်ထဲက အတိုင်း နေထိုင်မယ်ဆိုရင် တရားထိုင်တဲ့အခါ ပေါက်မြောက်လွယ်ပါတယ်။
၁။ စွမ်းနိုင်သူဖြစ်ရမယ်။ ဘယ်လို စွမ်းနိုင်ရမလဲ။ ယုံကြည်မှုမှာ ကြိုးပမ်းရာမှာ စွမ်းနိုင်ရပါမယ်။ ယုံကြည်မှုကတော့ နည်းနည်းအရေးပါတယ်။ ယုံကြည်မှုက ဘယ်လို ယုံကြည်မှုမျိုးလဲ ဆိုတာရှိသေးတယ်။ သံဝေဇနိယလေးဌာန ရောက်ရင် အပါယ်တံခါးပိတ်တယ်တို့ ပုဂံက စွယ်တော်လေးဆူရောက်ရင် ဆုတောင်းပြည့်တယ် ဆိုတဲ့ ယုံကြည်မှုမျိုး လုံးဝ လုံးဝမဟုတ်ရပါဘူး။ ဘုရားရှင် ညွန်ပြတဲ့အတိုင်း လျှောက်ရင် နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးကို ပြောပါတယ်။ ကြိုးပမ်းမှုလည်း စွမ်းနိုင်ရမယ်ဗျ။ မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင်ကြိုးပမ်းရမယ်။ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ထပ်မဖြစ်အောင် ကြိုးပမ်းရမယ်။ မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် တားမြစ်ရမယ်။ ဖြစ်ပြီးတဲ့ ကုသိုလ်ကို ပွားအောင် ကြိုးပမ်းရမယ်ဗျ။
၂/၃။ ဖြောင့်မတ်ရမယ်။ အလွန့်အလွန် ဖြောင့်မတ်ရမယ်။ ဖြောင့်မတ်ရမှာက တစ်ခဏ ဖြောင့်မတ်ရမှာ မဟုတ်ဘဲ တစ်သက်လုံးဖြောင့်မတ်ရမယ်လို့ ဆိုလိုတာပါ။ မာယာ သာဌေယျလုံးဝ မရှိရဘူး။ လူရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မနေထိုင် မပြောဆို မတွေးခေါ်ရဘူး။ အဲဒီလို ဆိုလိုပါတယ်။ ခုခေတ်မှာတော့ အလွန့်အလွန် ကွေ့ကောက် တတ်ကြပါတယ်။ လက်ရှိ အခြေအနေ တစ်မျိုးကနေ အများအမြင်တစ်မျိုးဖြစ်အောင် တော်တော်များများလုပ်တတ်ကြပါတယ်။ ဒီ မာယာ သာဌေယျကလည်း တရားထိုင်ရင် အဆင့်မတက်နိုင်ပါဘူး။
၎/၅/၆။ ဆုံးမလွယ်ရမယ်။ နူးညံ့ပျော့ပျောင်းရမယ်။ မာန်မထောင်လွှားရဘူး – ဖြစ်ပါတယ်။ ရှင်ရာဟုလာကတော့ ဆုံးမလွယ်တဲ့အထဲမှာ စံပြပါပဲ။ ရှင်ရာဟုလာကို တစ်နေ့ ရဟန်းတွေ စမ်းတာခံရပါတယ်။ ရာဟုလာ လာနေချိန် လမ်းမှာ အမှိုက်တောင်းချထားပြီး “ဟေ့ ဘယ်သူ အမှိုက်တောင်းချထားတာလဲကွ” လို့ ရဟန်းတစ်ပါးက အသံခပ်မြင့်မြင့်လေး ပြောလိုက်တာကို ရဟန်းတစ်ပါးက “ရာဟုလာကို ဒီလမ်းမှာ မြင်တာပဲ” လို့ ပြန်လျှောက်တယ်။ ဒီအသံကို ရာဟုလာ ကြားတော့ “သည်းခံပါဘုရား၊ သည်းခံပါဘုရား” ဆိုပြီး အမှိုက်တောင်းကို နေရာတကျ သိမ်းလိုက်တယ်။ ဘယ်လောက် ဆုံးမလွယ်သလဲ။ ဘယ်လောက် နူးညံ့သလဲ။ ဘယ်လောက် မာန်မာနကင်းသလဲ။ အရှင်သာရိပုတ္တရာလည်း အတူတူပဲလေ။ ခုနှစ်နှစ်သား ကိုရင်လေးက အရှင်ဘုရား သင်္ကန်းဝတ်ထားတာ မညီဘူးလို့ ပြောတော့ ကွယ်ရာမှာ ပြန်ပြင်ဝတ်ပြီး ဒီလိုလေးဆိုညီပြီလား ဘုရားဆိုပြီး ကိုရင်လေးကို တကယ့်တကယ် ရိုကျိုးတဲ့ အနေအထားနဲ့ လက်အုပ်လေးချီပြီး ပြန်မေးခဲ့တာ။ ဆုံးမလွယ်လိုက်ပုံ။ နူးညံ့လိုက်ပုံ။ မာနကင်းလိုက်ပုံ။ ဒါမျိုးနေထိုင်မှ တရားထိုင်ရင် အဆင်ပိုပြေနိုင်မှာ။
၇/၈။ တင်းတိမ်ရောင့်ရဲလွယ်သူဖြစ်ရမယ်။ အသက်မွေးလွယ်သူ ဖြစ်ရမယ်။ ပျင်းတာနဲ့ တော့ မဆိုင်ဘူးနော်။ ရှာတတ်ရမယ်။ သို့သော် တင်းတိမ်ရမယ်။ မလိုအပ်တဲ့ အပိုလောဘတွေ မထားရဘူးလို့ ဆိုလိုတာ။ ကျောင်းမှာဆိုရင်လည်း ငါးဘာသာဂုဏ်ထူးမှန်းထားပေမယ့် သုံးဘာသာပဲရရင် မပူလောင်ရဘူး ရောင့်ရဲရမယ်။ ဘာလဲ။ ကိုယ့်ကံ ကိုယ့်ဉာဏ် ကိုယ့်ဝီရိယနဲ့ သင့်တော်တာပဲရတာလေ။ အသက်မွေးလွယ်တယ်ဆိုတာက မိသားစုမှာ “အော် ငါ့မိန်းမက သူတတ်သလို ချက်ပေးတာပဲ” ဆိုပြီး စားနိုင်ရမယ်။ မိန်းမဖြစ်သူက “အော် ငါ့ယောကျာ်း ၀င်ငွေ ဒီလောက်ရတော်ပေါ့။ သူစိတ်ချမ်းသာနေရင်ပြီးတာပဲ” လို့ တွေးပေးနိုင်ရမယ်။ သားသမီးတွေကလည်း “ခေတ်ကြီးက ရှာတာနဲ့ မလောက်ငဖြစ်နေတယ်။ ငါတို့ မိဘ ငါတို့ကို ဒီလောက်ဆင်ပေးနိုင်တာ ငါတို့ အတော်ကံကောင်းတာပဲ” လို့ ပြန်ထောက်ညှာပေးမယ်ဆိုရင် အသက်မွေးလို့ လွယ်ကူသူတွေ ဖြစ်ကြပြီပေါ့ဗျာ။
၉။ နည်းသော ကိစ္စရှိသူ ဖြစ်ရမယ်။ အဓိကကျတဲ့ လုပ်သင့်တဲ့ အလုပ်ကိုပဲ လုပ်ရမယ်လို့ ဆိုလိုပါတယ်။ ဖန်ပေါင်းချောင်ထဲ ကျောက်တုံးတွေ ကျောက်စရစ် သဲတွေ ရေတွေ ထည့်တဲ့ ပုံဝတ္ထုလိုပေါ့။ ပဓာနကျတဲ့ အလုပ်ကိုပဲ လုပ်ရမယ်။
၁၀။ ပေါ့ပါးအဖြစ်ရှိသူ ဖြစ်ရမယ်။ ကျွန်တော့်ဝန်းကျင်က သူငယ်ချင်းတွေကတော့ အဲယားကွန်းရှိမှ နေတတ်တယ်။ ဘယ်လိုစားရမှ ကျေနပ်တယ်ဆိုတဲ့ လူတွေချည်း ပြည့်နေတယ်။ လက်ဘက်ရည်သောက်ရမှ ဆေးလိပ်သောက်ရမှဖြစ်မယ် စသဖြင့် တစ်ခုခုကို စွဲလန်းမနေရပါဘူး။ တစ်ခုခုကို တပ်မက်နေရင် မပေါ့ပါးတော့ ပါဘူး။
၁၁။ ငြိမ်သက်တဲ့ ဣနြေ္ဒရှိရမယ်။ ဘယ်လိုဣနြေ္ဒလဲ။ ဣနြေ္ဒခြောက်ပါးလုံးပဲ။ ထိန်းသိမ်းတတ်ရမယ်။ မျက်စိရော။ နားရော။ နှခေါင်းရော။ လျှာရော။ ကိုယ်ရော။ စိတ်ရောပဲ။ ဟိုအာရုံကြည့်ချင် ဒီအာရုံခံစားချင်ဆိုရင် ဣနြေ္ဒမဲ့တာပဲ။
၁၂။ ရင့်ကျက်သော ပညာရှိသူ ဖြစ်ရမယ်။ ဒါကတော့ နည်းနည်း အရေးကြီးတယ်။ ခုခေတ်မှာ ပိုဆိုးပါတယ်။ ၀ါဒတွေ တော်တော်လေး ထွန်းကား ပြန့်ပွားလာတယ်။ တရားတော်တွေဟာ အ၀ိတက္ကဖြစ်ပေမယ့် ၀ိတက်တွေနဲ့ ဘုရားက ဘယ်လို တရား မဟောဘူး ဘယ်လိုတရားဟောတယ်စသဖြင့် ၀ါဒတွေ ထွန်းကားလာတာ နှစ်အတော်ကြာလာပြီ။ ဒီလို ၀ါဒတွေအပေါ် ကျော်လွှားမြင်နိုင်ရမယ်။ သင့် မသင့် မှန် မမှန် စိစစ်ဝေဖန်နိုင်တဲ့ ပညာဉာဏ် ရှိသူဖြစ်ရပါမယ်။
၁၃။ ယဉ်ကျေးလိမ္မာရမယ်။ ကိုယ်အားဖြင့် ယဉ်ကျေးရမယ်။ စိတ်အားဖြင့် ယဉ်ကျေးရပါမယ်။ လူပုံအလယ်မှာမှ မဟုတ်ဘူး။ တစ်ယောက်တည်းနေလည်း ယဉ်ကျေးစွာ နေရမယ်။ တစ်ယောက်တည်းနေလည်း စိတ်ကို ယဉ်ကျေးအောင် ထားရပါမယ်။
၁၄။ ဘယ်သူ့အပေါ်မှာမှ မတွယ်တာရဘူး။ သံယောဇဉ်တွေ ဖြတ်နိုင်သလောက် ဖြတ်ရမယ်လို့ ဆိုလိုပါတယ်။ ဟိုလူတွယ်တာ ဒီလူတွယ်တာဆိုရင် တရားထိုင်တဲ့ အခါ ဘယ်လိုလုပ် စိတ်ဖြောင့်နိုင်မှာလဲ။ ဒီတော့ ဘယ်သူ့ကိုမှ မတွယ်တာရပါဘူး။ ဒီလို အုဋ္ဌ်ဖြစ်တွေ ခိုင်ခံ့နေမှ တရားထိုင်တဲ့အခါ အလွယ်တကူ တရားရနိုင်ပါတယ်။ ဉာဏ်စဉ် တက်နိုင်ပါတယ်။
ဒါက တရားထိုင်မည့်သူမှ မဟုတ်ပါဘူး။ တရားမထိုင်တဲ့သူလည်း လိုက်နာ နေထိုင်သင့်တဲ့ အရာတွေပဲ မဟုတ်ပါလား။ (နည်းနည်းရှည်သွားတယ်)
လက်ရှိ စစ်ကိုင်း မြစင်္ကြာကျောင်းထိုင်ဆရာတော် ဦးဣန္ဒက၏ ဘာဝနာအခြေခံအုဋ္ဌ်မြစ် တရားကို ကိုးကားရေးသားပါတယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Your article helped me a lot, is there any more related content? Thanks!