ကိုရင်ကလေး ထင်မသေးနှင့်ကဗျာလေးကို လူကြိုက်များတယ်လို့ ကျွန်တော့်ဘက်က ယူဆတဲ့အတွက် မနှစ်တစ်နှစ်က ဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်ထဲက ဘုန်းဘုန်းသု ဆိုတဲ့ ဆရာတော်တစ်ပါးရေးတဲ့ စာသင်သားဒုက္ခ ဆောင်းပါးဝတ္ထုလေးကို အာရုံပြုပြီးတော့ ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။
နောင်တစ်ချိန်မှာ သာသနာ့အကျိုးကို သယ်ပိုးမယ့် ခုကတည်းက ဒီလောကမှာ သာသနာရှိနေသေးတယ်ဆိုတာကို မြင်တွေ့ပြီး သိနိုင်စေအောင် နေရာတကာမှာ တွေ့နိုင်တဲ့ ကိုရင်လေး ဆိုတာကို တကယ်လည်း အထင်မသေးသင့်ပါဘူး။ ကိုရင်ကလေးတွေမှာ ဒက်တွေ ပွေးတွေ အနာတွေ ဗရပွနဲ့ သင်္ကန်းကလည်း ညစ်ထေးထေးနဲ့ သပိတ်ကလည်း ပဲ့ပဲ့ရွဲ့ရွဲ့နဲ့ လမ်းတကာ ဆိုင်တကာမှာ တွေ့နေရပေမယ့် သူတို့ကပဲ နောက်နောင် ဆရာတော်ကြီးတွေ ဖြစ်လာမယ့် အနာဂတ်သာသနာပြုပုဂ္ဂိုလ်အလောင်း အလျာလေးတွေပါ။ သူတို့ကို တောက ဆရာဘုန်းကြီးတွေက ဉာဏ်ကောင်းလို့ စာတော်လို့ ခေတ်ပညာကို ဆက်လက်မသင်ယူနိုင်လို့ တတ်နိုင်သမျှ အင်အားလေးနဲ့ ရင်းနှီးတဲ့ ဘုန်းကြီးရှိတဲ့ မြို့ကျောင်းလေးကို ရောက်လာတဲ့ကိုရင်တွေပါ။ တောကျောင်းက ဆရာဘုန်းကြီးကလည်း မြို့မှာ အသိတကာ တကာမတွေ မရှိလေတော့ ဆွမ်းခံအိမ်တွေ ဘာတွေ ဖိတ်မန္တက ပြုထားမပေးနိုင်ဘူး။ မြို့က ဆရာဘုန်းကြီးတွေလည်း သူ့ကို ကြည်ညိုတဲ့ ဒီလက်ဆယ်ချောင်းမပြည့်တဲ့ အိမ်တွေကို လာပို့တဲ့ ကိုရင်တိုင်း ဆွမ်းခံကြွပါလို့ ပြောလို့ မဖြစ်ဘူး။ ဟုတ်ပါတယ်။ စာသင် စာချနေတဲ့ဘုန်းကြီးတွေကို လူတွေက မကြည်ညိုပါဘူး။ ဒါကလည်း တကာတကာမတွေဘက်က အပြစ်ပြောလို့ မဖြစ်ဘူး။ သူတို့ရဲ့ မြင်နိုင်စွမ်းအားက အလွန်နည်းပါးပါတယ်။ သူတို့က စာသင်သားမာန်တက်မိတဲ့ ကိုရင်လေးတွေ ဦးပဉ္ဇင်းလေးတွေကို လိုက်ကြည့်ပြီး အပြစ်ပြောဖို့ပဲ သိပါတယ်။ ပြီးတော့ တစ်လှေလုံး ပုပ်ခိုင်းလိုက်တော့တာပါပဲ။ ဒီပုပ်ထဲက ဒီပဲ လုပ်လိုက်တော့တာပါပဲ။ ဒီတော့ ကိုရင်လေးတွေကလည်း လက်ရှိဆရာတော်ကြီးများ ငယ်ငယ်က ကျင့်သုံးခဲ့တဲ့ အိမ်တကာ လမ်းတကာ ဆိုင်တကာလှည့်ကာ ဆွမ်းခံတဲ့ နည်းကို သုံးရတော့တာပါပဲ။ မစိုးရိမ်ဆရာတော်ကြီးများရဲ့ အတ္ထုပ္ပတ္တိတွေမှာပါတယ်။ “ငါတို့ငယ်ငယ်တုန်းကဆို ချဉ်ပေါင်တစ်စီးနဲ့ ဆားတစ်ဆုပ်ရဖို့ ဒီမစိုးရိမ်ကနေ လမ်း(၈၀) (၂၆) လမ်းအထိ ပြေးခဲ့ရတာ” စသဖြင့် ပါပါတယ်။
ကိုရင်လေးတွေအားလုံး ဆိုင်တကာ အိမ်တကာ လမ်းတကာလှည့်ကာ လည်ကာ ဆွမ်းခံနေတာ ပျော်လို့များ သွားမမှတ်နဲ့။ ပြီးတော့ စာချဘုန်းကြီးတွေက ဆွမ်းခံထွက်သွားတဲ့ ကိုရင်လေးတွေကို တစ်ခါတည်း အမိန့်ပေးလွတ်လိုက်တယ်။ “ကိုးနာရီ စာသင်ချိန်အမီ ပြန်လာခဲ့” တဲ့။ ပြန်မရောက်တဲ့ကိုရင်ကတော့ ဆွမ်းရ မရ မသိဘူး။ စာချဘုန်းကြီးရဲ့ တုတ်စာကတော့ ရတတ်တယ်။ ဒါကြောင့် ကိုရင်လေးတွေ ကျောင်းကို (၉) နာရီဆို (၉) နာရီ၊ (၈) နာရီဆို (၈) နာရီ အမီ ပြန်ရပါတယ်။ တကယ် (၉) နာရီ (၈) နာရီဆိုပေမယ့် နာရီဝက် ဆယ့်ငါးမိနစ်လောက် ကြိုပြန်ရပါတယ်။ ဆွမ်းခံလို့ရလာတဲ့ ထမင်းကို မစားရသေးပါဘူး။ သပိတ်ကို ဘုရားရှေ့ချ ဦးသုံးကြိမ်ချပြီး မနေ့က ပေးလိုက်တဲ့ အိမ်စာကို ပြန်ကျက်ရပါတယ်။ ရပြီးသား ဆိုရင်လည်း ပြန်နွေးရပါတယ်။ တောက်လျှောက်ပဲ။ ကိုးနာရီကနေ (၁၀)ခွဲလောက်အထိ။ စာကျက်ရတာနဲ့ အလုပ်လုပ်ရတာနဲ့ ကွာတာ တစ်ခုရှိပါတယ်။ စာကျက်ရင် ဗိုက်အလွန်ဆာပါတယ်။ အလုပ်လုပ်ရင် အောင့်ထားလို့ ရပေမယ့် စာကျက်ရင် အောင့်ထားလို့မရပါဘူး။ ဆယ်နာရီခွဲမှ ဆွမ်းစားရမယ့် ကိုရင် မအောင့်နိုင်လို့ လမ်းမှာ ခိုးစားမိတာ မျိုးရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်တွေက ဒါမျိုးတွေပဲ လိုက်ကြည့်ပါတယ်။ ကိုရင်လေး ဘေးမှာ လာရပ်တာကို “ငါတို့လို စားချင်ရင် ငါတို့လို လုပ်ပါလား” ဆိုတဲ့ လူတွေက ရှိသေးတယ်။
ကိုရင်တွေ ကျက်ရတဲ့စာအုပ်ကို မြင်ဖူးပါသလား။ အဂ္ဂင်္ုတ္တရနိကာယစာအုပ်တွေ မဟာဝါ စာအုပ်တွေ ရူပသိဒ္ဓိတွေ အဲဒီ သုံးအုပ်ကို ထပ်ထားရင် လူကြီးတစ်ထွာလောက်ရှိပါတယ်။ (စကားမစပ် အဲဒီစာအုပ်တွေကလည်း ၀ယ်နိုင်သူ သို့မဟုတ် ဘုန်းကြီးက ၀ယ်ပေးထားတဲ့ ကိုရင်လေး အဆင့်ဆင့်လက်ဆင့်ကမ်းစာအုပ်တွေက များတယ်။ စာအုပ်ဈေးက သာသနာသော ဘာသော နားမလည်ဘူးလေ။ ကိုရင်လေးတွေက နဂိုရ်မှ တောမှာ စာသင်ကျောင်း တက်နိုင်လောက်အောင် ပိုက်ဆံ မရှိတဲ့ ကြားထဲ ဟုတ်တယ် မဟုတ်လား) အဲဒီစာအုပ်တွေကို ကျက်ရမှာနော်။ အလွတ်ကျက်ရမှာ။ မြန်မာလို တစ်လုံးမှ မပါဘူး။ ပါဠိလိုချည်းရေးထားတာ။ စာအုပ်တစ်အုပ်တစ်အုပ်ကို မြန်မာပြန်ရင် နှစ်အုပ်လောက် ထွက်ထွက်လာတယ်။ စာအုပ်တွေက အများကြီးပဲ။ ခုခေတ် တက္ကသိုလ်ကျောင်းသားတွေတောင် မဖတ်နိုင်တဲ့ စာအုပ်တွေပေါင်းများစွာကို ကိုရင်လေးတွေက သင်နေရပါတယ်။ အဲဒီစာတွေက ဘုရားနှုတ်ကပတ်တော်တွေပါ။ ဘုရားရှိခိုးရင် သြကာသတောင် မဆိုချင်တဲ့ လူပုဂ္ဂိုလ်တွေထက် ဘုရားသာသနာတော်ကို ဆက်လက်တည်တံ့အောင် ဘုရားနှုတ်ကပတ်တော်ကို ထိန်းသိမ်းတဲ့ ကိုရင်လေးတွေရဲ့ တစ်နေ့တစ်နေ့ ရတဲ့ကုသိုလ်ကို လူပုဂ္ဂိုလ်တစ်သက်လုံး လုပ်လို့ရတဲ့ ကုသိုလ်က ဘယ်လိုမှ မမီပါဘူး။ အဲဒီကိုရင်လေးတွေကို လူတွေတော်တော်များများက ပစ်ပစ်ခါခါ ဆက်ဆံတတ်ပါတယ်။
ကျောင်းမှာ တပြေးညီကြမ်းပြင်မှာ အိပ်ရပါတယ်။ တချို့ဆို နေရာကောင်းမရပါဘူး။ သွားလမ်းလာလမ်းမှာ အိပ်ရတာမျိုးတွေ ရှိပါတယ်။ ကိုရင်လေးပဲ။ ဆော့ချင်စိတ် ကစားချင်စိတ်တွေ များမှာပေါ့။ အပြင်က ကလေးတွေ ဆော့နေချိန် သူတို့မှာ တက္ကသိုလ်ကထိကတောင် စာလုံးပေါင်းဖတ်ရမယ့်စာတွေကို ဒေါင်းဒေါင်းပြေးပြန်ဆိုနိုင်အောင် ကျက်နေရပါတယ်။ သင်္ကန်းလျှော်ချိန်မှာ သင်္ကန်းလျှော်မယ့်အစား စာကို ကျက်နေရတယ်။ ရေချိုးရင်း ချေးတွန်းနေမယ့်အစား စာကို ကျက်နေရတယ်။ ကိုရင်လေးတွေ စာမေးပွဲကို လိုက်ကြည့်လိုက်စမ်းပါ။ ရန်ကုန်မှာ စေတီယင်္ဂဏစာမေးပွဲ။ မန္တလေးမှာ သကျသီဟစာမေးပွဲ။ အနေအထိုင်ထက် စာက ပိုအရေးကြီးရတယ်။ လူတွေက ဒါကို မမြင်ပါဘူး။ မြင်တာက ကားမှတ်တိုင်မှာ ဘယ်ကားသမားမှ ခေါ်မတင်လို့ ဟိုကားရပ်ပေးနိုးနိုး ဒီကားရပ်ပေးနိုးနိုး ကားစုံအောင် တားနေရတဲ့ ကိုရင်တွေကို။
တစ်ခါက ဗေဒင်ဆရာတစ်ယောက် ဇရပ်တစ်ခုမှာ နားခိုနေတုန်း ဆေးဆရာတစ်ယောက် ရောက်လာတယ်။ ဟိုပြော ဒီပြောပြောရင်း ဘယ်နေ့သားလဲ လို့ မေးမိတယ်။ ဒီတော့ စနေသားတွေချည်းဖြစ်နေတယ်။ ခဏနေ သူဌေးတစ်ယောက်ရောက်လာပြန်တယ်။ မေးကြည့်တော့ သူလည်း စနေသား။ နောက် လူကြီးလူကောင်းတစ်ယောက်တက်လာတယ်။ သူလည်း စနေသားတဲ့။ နောက် ပညာတတ်တစ်ယောက် တက်လာတယ်။ သူလည်း စနေသား။ ဟား စနေသားတွေချည်း။ ဒီတော့ စနေသားတွေ ပြောကြတယ်။ စနေသားမို့လို့ ဒီလိုတော်တာ ဒီလိုတတ်တာပေါ့။ အဲဒါကို ကြားတော့ ဇရပ်ရှေ့က သူတောင်းစားလည်း ထပြောတယ်။ သူလည်း စနေသားပါ တဲ့။ မင်းကတော့ စနေလေ စနေလွင့်ပဲ လို့ စနေသားတွေ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။ ကိုရင်လေးတွေက များလေတော့ အနောက်တိုင်း စကားပုံလို သိုးမည်းတစ်ကောင်ပါတတ်တယ်။ မြန်မာစကားပုံလို စုံးပူးတစ်ယောက်တော့ ပါတတ်တယ်။ သို့သော် ကိုရင်လေးဆိုပြီး အထင်မသေးပါနဲ့။ တစ်သံသရာလုံး သေစေတတ်တဲ့ အဆိပ်ကို ပိုင်တယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.com/ar/register?ref=V2H9AFPY