ငါးပါးသီလထဲက ဒုတိယတစ်ပါးဖြစ်တဲ့ အဒိန္နာဒါနာ၊ ကံသုံးပါးအထဲက ဒုတိယကံဖြစ်တဲ့ အဒိန္နာဒါနာအကြောင်းကို ဆက်ပြောပါရစေ။ ပိုင်ရှင်က ယူခွင့်မပြုတဲ့၊ မပြုဖူးခဲ့တဲ့၊ ပိုင်ရှင်က သူဥစ္စာ သူပိုင်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းကို တစ်နည်းနည်းနဲ့ ရအောင်ယူခြင်းကို ခိုးခြင်းလို့ခေါ်ပါတယ်။ အဒိန္န – မပေးသော (ပစ္စည်းဥစ္စာစသည် ပိုင်ရှင်ရှိသော တစ်ခုခုကို) အာဒါန – ယူခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
တစ်ခါတည်း မှာလိုက်ပါရစေ။ ငါးပါးသီလယူရာမှာ အဒိန္နဒါနာ လို့မဆိုကြပါနဲ့။ အဓိပ္ပါယ် မရှိတော့ဘူး။ ပါဠိလိုပဲ ယူခဲ့ရင် အဲဒီသီလက သီလမရပါဘူး။ အဲဒီသီလမရရင် ဆိုကတည်းက ငါးပါးသီလလို့ ဆိုထားတော့ ပေးကားပေး၏ မရ။ ယူကား ယူ၏ မရဖြစ်သွားပါမယ်။ နဂိုရ်က လေးပါးယူမယ်ဆိုလို့ လေးပါးတည်း ယူတာမျိုး။ သုံးပါးထဲယူမယ်ဆိုပြီးကာမှ သုံးပါးတည်းယူတာမျိုးဆိုရင် ရတယ်။ ဆည်တစ်ခုမှာ တာငါးပေါက်ရှိတယ်။ တာတစ်ပေါက်က ကျိုးနေရင် ဆည်ထဲမှာ ရေမရနိုင်သလို ငါးပါးသီလဆိုရာမှာ တစ်ပါးက မပီခဲ့ရင် မရနိုင်ပါဘူး။ ငါးပါးမယူချင်ဘူး။ တစ်ပါးတည်း ယူမယ် နှစ်ပါးတည်းယူမယ်လည်း မလုပ်နဲ့။ ငါးပါးသီလဟာ သာသနာပမှာလည်း ရှိတဲ့သီလ။ သာသနာတွင်းမှာ ရှစ်ပါး ဆယ်ပါးတောင် ယူသင့်သေးတယ်။ ပါဠိလို သံသယ၀င်ရင် မြန်မာလိုလည်း သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်ဆိုတဲ့ ကတိမျိုး ဘုရားရှေ့မှာ ဘုရားကို ကတိပေးလိုက်ပါ။ သီလယူလိုက်ပါ။ အဒိန္နာဒါနာပါ။ န္န မှာ ရေးချပါပါတယ်။ န္နာ ပါတဲ့။ (ငါးပါးသီလကို သာဆည်နှင့်နှိုင်းပါသည်။ ကျွန်တော့်အမြင်မျှသာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတည်သ၍ ရှိနေမည်ဖြစ်သော သီလဖြစ်သောကြောင့်ဖြစ်သည်။)
၁။ ခိုးတာတွေ အမျိုးမျိုးရှိပါတယ်၊ ချိန်ခွင် ချိန်သီးအလေးတွေနဲ့ ဆိုရင် ပုံစံတူ အလေးနှစ်ခု လုပ်ထားတယ်၊ တစ်ခုက ပေါ့ပြီ တစ်ခုက လေးတယ်၊ ပုံစံတူပေမယ့် အလေးချိန်မတူဘူး၊ ကိုယ်က ယူတဲ့အခါ လေးတဲ့အလေးနဲ့ ယူပြီး ပေးတဲ့အခါမှာကြတော့ ပေါ့တဲ့အလေးနဲ့ ပေးတယ်၊ ဒါကတစ်မျိုး။
၂။ ချိန်ခွင်တွေနဲ့ ပေးတဲ့အခါ ပစ္စည်းထားတဲ့ဖက်ကို လက်နဲ့ဖိထားတယ်၊ ဒီလို လက်နဲ့ဖိထားတဲ့အတွက် ပစ္စည်းက အလေးနဲ့ အချိန်တူနေသလို ဖြစ်နေတော့တာပေါ့။ ယူတဲ့အခါကြတော့ အလေးရှိတဲ့ဖက်ကို လက်နဲ့ဖိထားလိုက်တယ်။ ဒီလို ဖိထားလိုက်တဲ့အတွက် တော်တော်နဲ့ တက်မလာဘူး။ အလေးချိန်ထက် များလာပါတယ်။ ဒါလည်း လှည့်ပတ်ပြီး ခိုးပုံတစ်မျိုးပါဘဲ။
၃။ ပေးတဲ့အခါ ကြိုးကိုချိန်ခွင်အဖျားမှာ ကိုင်ထားလိုက်တယ်၊ ဒီလို လုပ်တဲ့အတွက် ရောင်းကုန်ပစ္စည်းရှိတဲ့ဘက်က မူလထက်ပိုပြီး အချိန်စီးသလိုဖြစ်လာပါတယ်။ ယူတဲ့အခါကြတော့ ကြိုးကိုချိန်ခွင်အရင်းမှာ ကိုင်ထားလိုက်တယ်။ ဒီလိုမျိုး လုပ်လိုက်သည့်အတွက် ပစ္စည်းက ပိုထွက်လာပါတယ်၊ အလေးချိန်ထက် ပိုလာပါတယ်။ ဒါလည်း လှည့်ပတ်ပြီး ခိုးပုံတစ်မျိုးပါဘဲ။
၎။ ချိန်ခွင်အတွင်းမှာ သံမှုံ့တွေ ထည့်ထားပြီး ကိုယ်ကပေးတဲ့အခါ ရောင်းကုန်ပစ္စည်းရှိတဲ့ဘက်ကို ထားတယ်။ ကိုယ်က ယူတဲ့အခါကြတော့ အလေးရှိတဲ့ ဘက်ကိုထားတယ်။ ဒါလည်း လှည့်ပတ်ပြီ ခိုးပုံတစ်မျိုးပါဘဲ။ ဒါတွေက ချိန်ခွင် ချိန်သီး အလေးနဲ့ ပက်သက်တာဘဲ ရှိပါသေးတယ်။
နောက်တစ်မျိုး…. လူတစ်ယောက်ဟာ ရွှေခွက်တစ်ခွက်ကို အစစ်လုပ်ထားပြီး သုံးလေးခွက်ကို ရွှေခွက်နဲ့ ပုံစံတူ အတုလုပ်ထားတယ်၊ ဒီရွှေခွက်တွေ အားလုံးကို ယူပြီး ဗဟုသုတ နည်းပါးသော ကျေးလက်နယ်ပယ် တစ်ခုခုသို့ သွားပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးတစ်မျိုးအိမ်သို့ဝင်ပြီး ရွှေခွက်ဝယ်ပါဦး-ဟု ပြောလတ်သော် အိမ်ရှင်တို့က “အဖိုးဘယ်လောက်လဲ မေးတဲ့အခါ အဖိုးချိုချိုနဲ့ ပေးမှာပါ-ဟု ပြော လိုက်တယ်၊ ဒါနဲ့ အိမ်ရှင်က ဒါဆို ကိုယ့်လူရဲ့ခွက်တွေက ရွှေခွက်အစစ်ပါလို့ ဘာနဲ့သက်သေပြမှာတုန်း-ဟု မေးတဲ့အခါ ရွှေခွက်စစ် မစစ်ကို မှတ်ကျောက်မှာ ပွတ်ပြီး စစ်မှယူပါ-ဟု ပြောပြီး ရွှေခွက်အစစ်ကို ပေးလိုက်တယ်၊ ဒါနဲ့ အိမ့်ရှင်က စစ် မစစ်ကို စစ်ဆေးတော့ အစစ်ဖြစ်နေတယ်။ ရောင်းတော့ အတုရောင်းခဲ့တယ်။
တရားသူကြီးတို့၏ တံစိုးလက်ဆောင်ယူပြီး လာဘ်စားကာ ပိုင်ရှင်မဟုတ်သူတွေကို ပိုင်ရှင်လုပ်ပြီး ပိုင်ရှင်ဟုတ်သူတွေကို ပိုင်ရှင်မဲ့ဖြစ်စေခြင်းသည်လည်း ခိုးတာတစ်မျိုးပါပဲ။ ဂါထာမန္တာန်ရဲ့အစွမ်း မျက်လှည့်ပြခြင်းအစွမ်း စသည်ဖြင့် ရွှေမဟုတ်တာကို ရွှေ ၊ ငွေမဟုတ်တာကိုငွေ စသည် အတုပြုလုပ်ကာ လှည့်ပတ်၍ယူခြင်းသည်လည်း ခိုးတာပါပဲ။ ခိုးခြင်းဟာ သိမ်မွေ့တယ်။ သီလထဲမှ အသိမ်မွေ့ဆုံးတရားလည်းဖြစ်တယ်။ စာမေးပွဲခိုးချခြင်း၊ ပိုင်ရှင်နှင့် ရင်းနှီး၍ ယူလိုက်ရာမှ ပိုင်ရှင်က ငါ့ပစ္စည်းတော့ ဆုံးပြီဟု သတ်မှတ်လိုက်ခြင်းဟာလည်း ခိုးခြင်းထဲမှာပါတယ်။
လှည့်ပတ်ခြင်းနှင့် လှည့်စားခြင်းဟာလည်း ခိုးခြင်းပါပဲ။ လှည့်ပတ်တာက ပစ္စည်းချေငှါးပြီး ပြန်မပေးတာ။ ပြန်ပေးလည်း အတုကို ပြန်ပေးတာမျိုး။ လှည့်စားတာမျိုးကို ပုံပြင်လေးနဲ့ ပြောမယ်။ တစ်ခါက လူတစ်ယောက်ဟာ ဆိတ်သေ တစ်ကောင်ကို ထမ်းလာတယ်။ ဒါကို လူသုံးယောက်က ဆိတ်သား စားချင်တာနဲ့ လှည့်ကွက်ဆင်လိုက်တယ်။ ဆိတ်သေ ထမ်းလာတဲ့လူ သွားရာလမ်းမှာ တစ်ယောက်စီဆုံလိုက်တယ်။
ပထမတစ်ယောက်က ခွေးသေကြီး ဘယ်ထမ်းသွားမလို့လဲ၊ လို့မေးတယ်။ အဲဒီလူက ခွေးသေ ဟုတ်ဘူးဗျ။ ဆိတ်သေလို့ပြောတယ်။ ဟာ ခွေးသေကြီးကိုဗျာဆိုပြီးထွက်သွားတယ်။ နောက် တစ်ယောက်က ထပ်တွေ့တယ်။ ခင်ဗျားဗျာ ရွံစရာကြီး ခွေးသွေကြီးကို ထမ်းလာရတယ်လို့ မဟုတ်ဘူးဗျ။ ဆိတ်သေပါလို့ ငြင်းတယ်။ ဘာ ဆိတ်သေ ဟုတ်လား ဟား ဟား အရူးထင်တယ် ဆိုပြီး ထွက်သွားတယ်။ နောက်တစ်ယောက် ပြန်ဆုံတယ်။ ဟာ ခွေးသေကြီးကို ကြိုးနဲ့ ဆွဲသွားလည်း ရတာပဲဗျာ လို့တစ်ယောက်က ပြောပြန်တော့ ဆိတ်ထမ်းလာတဲ့လူက ဆိတ်သေကို တကယ်ခွေးသေထင်သွားပြီး လွင့်ပစ်လိုက်တယ်။ ဒါက လှည့်စားခြင်းလို့ခေါ်တယ်။ ဥပမာပါလေ။
နေရာရွှေ့လိုက်ခြင်းမျိုးတွေ။ စာရွက်စာတမ်းမှာ လက်မှတ်လိမ်ထိုးလိုက်တာတွေဟာလည်း ခိုးခြင်းပါပဲ။ မိဘက သားငယ်ကိုသာ အမွေပေးခဲ့တယ်။ သားကြီးကသာလျှင် ရထိုက်တယ်လို့ ဥပဒေမှာပါလို့ သားကြီးက ဥပဒေပညာရှင်တွေနဲ့ ဥပဒေအရလုပ်တယ်။ သားငယ်ရှုံးသွားတယ်။ ဒါဟာလည်း ခိုးတာပါပဲ။ သတ်မှတ် အခွန်ဘဏ္ဍာ တိုးကောက်တာလည်း ခိုးတာပါပဲ။ ဆက်ကြေးဟာလည်း ခိုးခြင်းပါပဲ။ လိမ်လည်ပြီး ယူတာဟာ ခိုးခြင်းပါပဲ။ အတင်း အဓမ္မလုယူခြင်းကလည်း ခိုးခြင်းပါပဲ။ ခိုးခြင်း ဒုစရိုက်မှာ များများခိုးလျှင် များများ အပြစ်ကြီးတယ်။ ကိုယ်ကျင့်သီလကောင်းသူတွေရဲ့ ပစ္စည်းကို ခိုးလျှင်လည်း အပြစ်ကြီးပါတယ်။ လှူဒါန်းထားတဲ့ ပစ္စည်းကို ခိုးရင် ပိုအပြစ်ကြီးပါတယ်။ သံဃာ့ပစ္စည်း အဆိပ်သီးလို့ ပြောတာကိုးဗျ။ သံဃိက ပစ္စည်းကို ခိုးရင်လည်း ဆိုးတာပါပဲ။ သံဃိက ဆိုတာမှ သံဃာပါနေလို့ သံဃာပစ္စည်းမျိုးကို ပြောတာ ဟုတ်ဘူးဗျနော်။ အများပိုင် ပစ္စည်းကို ပြောတာ။ ထို့ကြောင့် အများအတွက် သတ်မှတ်လှူဒါန်းထားတာမျိုး လက်ဖျားလေးနဲ့မှ မထိကြဖို့ ပြောပါရစေ။
ခိုးမယ်ဆိုရင်
၁။ သူတပါးဥစ္စာဖြစ်ခြင်း
၂။ သူတပါးဥစ္စာဟုသိခြင်း
၃။ ခိုးယူလိုသောစိတ်(မသမာသောစိတ်)ရှိခြင်း
၎။ ခိုးယူကြောင်း ကိုယ်နှုတ်တစ်ခုခုဖြင့်လုံ့လပြုခြင်း
၅။ ခိုးခြင်း။ ဒီအင်္ဂါငါးပါးစုံရင် ပြစ်မှုမြောက်တယ်။
အဒိန္နာဒါန ဒုစရိုတ်ကျူးလွန်သူဟာ ပိုင်ရှင် အပေါ်တည်ပြီး အပါယ်ကို လားရပါတယ်။ တကယ်လို့ များလူ့ဘဝပြန်ရောက်ခဲ့မယ်ဆိုရင်တောင် မိမိစည်းစိမ် ဥစ္စာတွေဟာ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရပါတယ် စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံနဲ့ ဘယ်တော့မှ မနေရပါဘူး။ ချို့ချို့တဲ့တဲ့နေရပါတယ်။ အမွေခံ သားဆိုး သမီးဆိုးရခြင်းရဲ့ အကြောင်းရင်းကလည်း ဒါပဲဗျနော။ ပြီးနောက် မရှိဆင်းရဲ မွဲတေခြင်းမှာ မလှူလို့ မရှိဆိုတာထက် ခိုးယူခဲ့ဖူးတဲ့ကံက ပိုအားကြီးပါလိမ့်မယ်။
ကျူးလွန်တာတွေတော့ အဲဒီအပြစ်တွေရတယ်ပေါ့။
မကျူးလွန်ရင်တော့
၁။ ဖြစ်လေရာ ဘ၀တိုင်းမှာ စည်းစိမ်ဥစ္စာ ပေါများမယ်
၂။ မိမိစည်းစိမ်အားလုံး ရန်သူငါးပါးကြောင့် မပျက်စီးဘူး
၃။ မိမိလိုချင်တဲ့ အရာမှန်သမျှ အလွယ်တကူရမယ်
၎။ မင်း၊ အာဏာပိုင်စသည့်သူများနှင့် မပတ်သက်သော ဥစ္စာတို့ကို ပိုင်ဆိုင်ပါမယ်ခင်ဗျာ။
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.