ကံသုံးပါးမှာ ဘယ်ကံ အပြစ်ကြီးလဲ ဆိုရင် ကာယကံလည်း အပြစ်အကြီးဆုံးဖြစ်ကြောင်း ဘာကြောင့် ပြောနိုင်လဲဆိုရင် ပါဏာတိပါတကံအရ ရဟန္တာကို သတ်မယ်ဆိုရင် ကာယကံ အပြစ်အကြီးဆုံးဖြစ်ကြောင်း ပြောဆိုနိုင်ပါတယ်။
ကာယကံမှာ ကံသုံးပါ ထပ်မံပါဝင်ပါတယ်။ အားလုံး သိပြီးသားပါပဲ။ အဲဒီထဲက အစဆုံးကံကို စပြောပါမယ်။
ပါဏာတိပါတ
ဒါကို ပါဏ+ အတိပါတ- ဆိုပြီး အပိုင်း နှစ်ပိုင်းပါဝင်ပါတယ်။ ပါဏ- ဆိုတာ အသက်ရှင်ဆဲ သတ္တဝါပါ။ အဲဒီ သတ္တဝါ ဆိုတာကတော့ မိခင်း ဝမ်းထဲ ကလလ ရေကြည် တည်ချိန်မှစလို့ ဖြစ်ပေါ်လာတဲ့ အသက်ရှင်ဆဲ သတ္တဝါအားလုံးကို ဆိုလိုတာပါပဲ။ (ဘုရားရှင် လက်ထက်တုန်းက တိတ္ထိတွေကတော့ သစ်ပင်တို့ ဘာတို့လည်း အသက်ရှိတယ်လို့ ယူဆပါတယ်၊ ဂီတသံကြားလို့ သစ်ပင်တွေ ပိုအကြီးမြန်တာက သဘာဝဖြစ်ရပ်ပါ။ အသက်ရှိလို့ မဟုတ်ပါဘူး) ပရမတ္ထ သဘောအရ ပြောရမယ်ဆိုရင်တော့ ပါဏဆိုတာ ရုပ်ဇီဝိတ နာမ်ဇီဝိတ ကိုခေါ်ပါတယ်။ ဘာလဲ ရုပ်ဇီဝိတ။ ဘာလဲ နာမ်ဇီဝိတပေါ့။
ဇီဝိတ- ဆိုတာ အသက်ရှင်ခြင်း၏ အကြောင်းလို့ အဓိပ္ပါယ်ရပါတယ် တကယ်လို့ ဇီဝိတ -သာမရှိတော့ဘူး ဆိုလျှင် ခန္ဓာကိုယ်ကြီးဟာ အသေကောင်နှင့် အတူတူ ဖြစ်သွားပါတယ်။ ဇီဝိတ- ရှိနေလို့သာ ခန္ဓာကိုယ်ကြီးဟာ အသေကောင်ကြီးမှ တမူထူးလို့ ရှိနေပါတယ်။ သက်ရှိသတ္တဝါ အားလုံး၏ အသက်ဆိုသည်မှာလည်း ဒီဇီဝိတ- နှစ်မျိုးပါပဲ။ တစ်နည်းပြောရရင် ဇီဝိတ- ဆိုတာ ခန္ဓာကိုယ်ကြီးကို မသေအောင် စောင့်ရှောက် ထားတဲ့ တရားလို့ အဓိပ္ပါယ်ရတယ်။
ပါဏ ပြီးတော့ အတိပါတ
အတိပါတ -မှာ အတိနဲ့ ပါတဆိုပြီး ကွဲပြန်ရော။ “အတိ” ဆိုတာ “ လျှင်စွာ ” “ လွမ်းမိုးနှိပ်စက်၍ ”လို့ အဓိပ္ပါယ်ရပါတယ်။ ပါတ-ဆိုတာကတော့ “ ကျစေခြင်း ” ချခြင်း ” ပေါ့။ နှစ်ခုပေါင်းလိုက်တော့ လျှင်စွာ ချခြင်းတဲ့။ ဆိုလိုတာက သေချိန်မရောက်ခင် သေစေလိုက်တာကို ဆိုလိုတာပါ။ လွှမ်းမိုးနှိပ်စက်၍ ကျစေခြင်းကတော့ လက်နက်နဲ့ အမိန့်အာဏာနဲ့ သတ်တာကို ခေါ်ပါတယ်။
ဒီတော့ ပါဏာတိပါတ-ဆိုတာ သတ္တဝါကို သေချိန်မရောက်ခင် လျှင်မြန်စွာသတ်ကြောင်းစေတနာ ဓားလက်နက် စသည်ဖြင့် လွှမ်းမိုးနှိပ်စက်၍ သတ်ကြောင်း စေတနာ လို့ အဓိပ္ပါယ် ရပါတယ်။ နှစ်ခုပေါင်းလိုက်တော့ ကိုယ်တိုင်သတ်ခြင်းနှင့် သတ်စေခြင်း ဒီနှစ်ခု ထွက်လာတာပါပဲ။
ကိုယ့်ပယောဂကြောင့်ဖြစ်ဖြစ် သူ့ပယောဂကြောင့်ဖြစ်ဖြစ် အသက်တစ်ချောင်း အကြောင်းမဲ ဆုံးရှုံးလိုက်ရပြီ ပျက်စီးပြီဆိုရင် ပါဏာတိပါတကံ မြောက်တာပါပဲ။ သတ်တဲ့အခါ သေစေတဲ့အခါမှာ အောက်ပါ အချက်အလက်နဲ့ ပြည့်စုံရင် ကံအထမြောက်ပါတယ်။ လောကစကားနဲ့ ပြောရရင် ပြစ်မှုမြောက်တယ်။
၁။ ကလလ ရေကြည်မှ စ၍ အသက်ရှင်ဆဲ သတ္တဝါ ဖြစ်ခြင်း
၂။ သတ္တဝါဟု သိခြင်း
၃။ သတ်ချင်သောစိတ်(သို့) သတ်ကြောင်းစေတနာရှိခြင်း
၎။ ကိုယ် နှုတ် တစ်ခုခုဖြင့် လုံ့လပြုခြင်း
၅။ ထိုလုံ့လကြောင့်သေသွားခြင်း ဒီငါးပါးပါပဲ။
ကံမြောက်လျှင် အပါယ် (မကောင်းတဲ့ ဘဝ) ကို ရောက်ရမှာ လုံးဝ ကျိန်းသေပါ။ အဲ ရှေ့အင်္ဂါ လေးပါး နှင့် ပြည့်စုံပေမယ့်
နောက်ဆုံးအင်္ဂါအရ မသေလျှင်တော့ ကံမမြောက်ဘူး။ ကံမမြောက်ရင်တော့ မကောင်းတဲ့ ဘဝကို ရောက်ချင်လဲ ရောက်နိုင်တယ် မရောက်ချင်လဲ မရောက်နိုင်ဘူး။ ကျိန်းသေ မဟုတ်ဘူးပေါ့ဗျာ။
ပါဏာတိပါတကံက သတ္တဝါကြီးငယ်အလိုက်၊ သတ္တဝါတို့၏ ကိုယ်ကျင့်သိက္ခာအလိုက် အပြစ်ကြီးငယ်ကွဲပြားပါတယ်။ အကောင်ကြီးကြီး ဥပမာ ဆင်ကို သတ်မယ်ဆိုရင် ပိုအားစိုက်ရမှု ပါတယ်။ ကိုယ်ကျင့်သိက္ခာအလိုက်သတ်မယ်ဆိုရင် သူ့ကျင့်ကြံမှုပါတယ်လေ။
မိဘ ရဟန္တာသတ်ခြင်းစတဲ့ ကံကြီးထိုက်ရင်တော့ မသေခင် ခရီးတစ်ခု ထွက်ရကိန်းပေါ့ဗျာ။
သတ်တယ် ။ ဘယ်လိုသတ်တာလဲ။ သတ်တဲ့အခါမှာလည်း နည်းလေး ဘာလေးရှိသေးတယ်လေ။
၁။ သာဟတ္ထိက = ဓားဖြင့်ခုတ် တုတ်ဖြင့်ရိုက် စသည့်ဖြင့် ကိုယ်ထိလက်ရောက် ကိုယ်တိုင်သတ်ခြင်း
၂။ အာဏတ္တိက = နှုတ်ဖြင့်ဖြစ်စေ စာရေး၍ဖြစ်စေ (မျက်စိမှိတ်ပြ လက်ဖျစ်တီးပြခြင်းစသည့် ) အရိပ်နိမိတ်ကို ပြ၍ဖြစ်စေ အသတ်ခိုင်ခြင်း
၃။ နိဿဂ္ဂိယ = လေး သေနတ် လှံ စသည့်ဖြင့် အဝေးကနေ ပစ်ခတ်၍သတ်ခြင်း
၎။ ထာဝရ = အမြဲတမ်းတည်ရှိနိုင်သော ခရီးလမ်းဆုံး၌ လာသမျှလူတွေ သေအောင် တွင်းတူးထားခြင်း ငြောင့် စတာတွေကို စိုက်ထားခြင်း ဗုံးထောင်ထားခြင်း ရေကန်ထဲ အဆိပ်ခတ်ထားခြင်း သတ်ဖြတ်ဖို့ရာ ဓား လှံ လေး သေနတ် ဗုံး အမြှောက် စသောလက်နက်များကို ထုတ်လုပ် ရောင်းချခြင်း စသည်–
၅။ ဝိဇ္ဇာမယ = အတတ်ပညာဖြင့် ပြုစား၍ သတ်ခြင်း၊ မန္တာန်မှုတ်၍သတ်ခြင်း၊ အင်းအိုင်ချ၍ သတ်ခြင်း၊ လက်ဖွဲ့၌ တစ်စုံတစ်ခု ပြုလုပ်၍သတ်ခြင်း၊ အရုပ်လုပ်၍ ထိုအရုပ်ကိုသတ်လျှက် အခြားသူ သေအောင် သတ်ခြင်း၊ အင်းကွက်၌ ရန်သူ၏ နံကို ရေး၍ မီးရှို့၍ ရန်သူကို သေအောင်သတ်ခြင်း၊ ယနေ့ခေတ် အပြောများသော အောက်လမ်းနည်းဖြင့် သတ်ခြင်း စသည်..
၆။ဣဒ္ဓိမယ= ကံကြောင့်ဖြစ်သော တန်ခိုးဖြင့်သတ်ခြင်း၊ (ဝမ်းတွင်းစုန်း စသည်) သီဟိုဠ်ကျွန်း၌ ဘီးလူးမင်း အမျက်ထွက်၍ မိမိအစွယ်ကို ခေါက်လိုက်သောအခါ စူဠသုမနသူဌေး ချက်ခြင်းသေရသည်ဟု၎င်း ဝေဿဝဏ်နတ်မင်း အရိယာမဖြစ်ခင်က မျက်စောင်းထိုးလျှင် ဘီးလူးအများသေကြရသည်ဟု၎င်း ဖတ်ရဖူးသည် ဤသို့ အစွယ်ခေါက်မှု မျက်စောင်းထိုးမှု စတဲ့ ကံကြောင့်ဖြစ်သော တန်ခိုး သတ်ခြင်း
ဟု သတ်ပုံအခြင်းအရာ (၆) မျိုး ရှိပါတယ်။
ပါဏာတိပါတ ဒုစရိုက်အကျိုးဆက်က ကံမြောက်ရင် ငရဲ တိရစ္ဆာန် ပြိတ္တာ လို့ခေါ်တဲ့ မကောင်းတဲ့ ဘဝတွေကို သက်တမ်းမစေ့ခင် သေရမယ်။ အမိဝမ်းထဲမှာပင် အကြောင်းအမျိုးးမျိုးကြောင့်သေရမယ်။ အကျိုးဆက်က ၂၃ သုံးပါးတောင် ရှိတယ်။ ယုံမလားတော့ မသိဘူး။ ဒါပေမယ့် ရေးပြလိုက်မယ်လေ။
၁။ ကိုယ်အင်္ဂါချို့ယွင်းခြင်း
၂။ ကိုယ်ခန္ဓာအချိုးအစား မလှခြင်း
၃။ နုံ့နှေးဖင့်တွဲခြင်း
၎။ ခြေလက် မညီခြင်း
၅။ မလှမပ မတင့်တယ်ခြင်း
၆။ အရေအဆင်း မပြောင်ဝင်းခြင်း
၇။ အသားအရေ ကြမ်းခြင်း
၈။ ကြောက်ရွံ့တတ်ခြင်း
၉။ ခွန်အားနည်းခြင်း
၁၀။ စကားကို ပြေပြစ်စွာ မပြောတတ်ခြင်း
၁၁။ ချစ်သူခင်သူ မရှိခြင်း
၁၂။ မိမိပရိသတ် အကြိမ်ကြိမ်ပျက်စီးခြင်း
၁၃။ ထိတ်လန့်တတ်ခြင်း
၁၄။ လက်နက်ဘေး ထိခြင်း
၁၅။ သူတပါးပယောဂဖြင့်သေရခြင်း
၁၆။ တွေဝေ မိုက်မဲခြင်း
၁၇။ ခြွေရံသင်းပင်း နည်းပါးခြင်း
၁၈။ ရွံစရာကောင်းသော ခန္ဓာကိုယ် အစိတ်အပိုင်းရှိခြင်း
၁၉။ ကုန်းသော ကိုယ်ကော့သော လက်ခြေအင်္ဂါရှိခြင်း
၂၀။ ကြောင့်ကြစိုးရိမ်ရမှုများခြင်း
၂၁။ ဘေးရန် များခြင်း
၂၂။ ချစ်ခင်သော သားသမီးနဲ့ ကွေကွင်းရခြင်း
၂၃။ အသက်တိုခြင်း
ကဲ ကဲ ကိုယ်ချင်းစာစိတ်လေးထားပြီး သတ္တ၀ါကို သတ်ဖြတ်နေခြင်းမှ ရပ်တန့်ကြပါစို့။
ကိုကိုမောင်၏ ဒုစရိုက်ဆယ်ပါးအကြောင်းဆွေးနွေးရအောင်ဆိုသည့် ဘလော့ကို အကုန်လုံးနီးပါးမှီငြမ်းပါသည်။